အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့၏ (၁၇) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

2020-12-21

မြန်မာနိုင်ငံ EITI အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးအဖွဲ့ (Beneficial Ownership Task Force) ၏ (၁၇) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးအား အစီအစဉ် (၆) ရပ်ဖြင့် ကျင်းပခဲ့ပြီး ပထမဦးစွာ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု ဖော်ဆောင်‌ရေးအဖွဲ့ခေါင်းဆောင်ဖြစ်သည့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

 

ထို့နောက် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှ တာဝန်ရှိသူက (၁၆) ကြိမ်မြောက် BO Taskforce အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ BO ဆိုင်ရာ အချက်အလက်များ ကောက်ယူထားရှိမှုအခြေအနေ၊ BO Roadmap အား အတည်ပြုခြင်းနှင့် BO and Contract Transparency Legal Review Consultant ငှားရမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပါသည်။ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှ တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြခဲ့မှုများအပေါ် BO Task Force Member များဖြစ်သည့် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကဏ္ဍနှင့် အရပ်ဘက်အဖွဲ့အစည်းကဏ္ဍ ကိုယ်စားလှယ်တို့မှ အသီးသီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

 

ထို့နောက် BO ဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းထားရှိမှု အခြေအနေနှင့် ပတ်သက်၍ (၅) ကြိမ်မြောက် MEITI အစီရင်ခံစာတွင် ပါဝင်သည့် ကုမ္ပဏီများအတိုင်း အချက်အလက်များ ဖြည့်သွင်းသွားရန်နှင့် ဆက်သွယ်မရသည့် ကုမ္ပဏီများ၊ လုပ်ငန်းလိုင်စင်သက်တမ်း ကုန်ဆုံးသည့် ကုမ္ပဏီများအား ပြန်လည်စိစစ်ပြီး စာရင်းတွင် မှတ်တမ်းတင်ထားရန်၊ BO Road Map အား သဘောတူခဲ့ကြပြီး BO Road Map ၏ Timeline အား EITI စံနှုန်းအတိုင်း ဆောင်ရွက်သွားရန် (၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ) နှင့် BO Road Map အား MSG သို့ တင်ပြရန် စသည်ဖြင့် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

 

ဆွေးနွေးတင်ပြမှုများအပြီးတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်‌ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးအေးလွင်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်‌ရေးအဖွဲ့၏ အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်အဖွဲ့အစည်းကဏ္ဍ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ EITI ဌာနခွဲ (MOBD) မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင် တက်‌ရောက်ခဲ့ကြပါသည်။