ကချင်ပြည်နယ် SNU အစီရင်ခံစာ

2020-02
Category : Other Reports

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး (Extractive Industries Transparency Initiative – EITI) လုပ်ငန်းစဉ်များ အကောင်အထည် ၏ဖော်ဆောင်ရာတွင် ယခင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး မှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့ ရက်စွဲပါ စာအမှတ် (၃၂၉၅/၂၀၁၇) နှင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့ ရက်စွဲပါ စာအမှတ်(၂၁၉၅/၂၀၁၈) တို့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များအားလုံးတွင် တိုင်း/ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Sub-National Coordination Unit/ SNU) များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ထုတ်ပြန်ထားပါသည်။ ယခုအခါ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီ တိုင်း တို့တွင် SNU များဖွဲ့စည်းနိုင် ခဲ့ပြီးဖြစ်ပါသည်။

SNU များ ဖွဲ့စည်းခြင်းဖြင့် သက်ဆိုင်ရာပြည်နယ်/တိုင်း ဒေသကြီးအတွင်း သဘာဝသယံဇာတများ စီမံအုပ်ချုပ်မှု လုပ်ငန်းများတွင် EITI စံနှုန်းနှင့်အညီ ရေရှည်တည်တံ့သော လူမှုစီးပွားဖွံ့ဖြိုးမှုကို ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် သက်ဆိုင်သူများအားလုံးအတူ ပူးပေါင်းလုပ်ဆောင်ရန် မျှော်မှန်းကာ  ဖွဲ့စည်းခြင်းဖြစ်ပါသည်။

 EITI လုပ်ငန်းစဥ်များတွင် ကချင်ပြည်နယ်မှ ပတ်သက်စပ်နွယ်သူများ (Stakeholder) များ ပူးပေါင်းပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များ ဦးဆောင် ကာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အစိုးရ အဖွဲ့ရုံးတွင် EITI စံနှုန်းနှင့် မြန်မာနိုင်ငံ EITI လုပ်ငန်းစဥ်များအား မိတ်ဆက် ရှင်းလင်း တင်ပြခဲ့ပြီး ဖေဖော်ဝါရီလ (၈) ရက်နေ့တွင်  မြစ်ကြီးနားမြို့၊ Cartel Hotel တွင် ကချင်ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

ဤအစီရင်ခံစာသည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၇-၈) ရက်နေ့များ၌ ကချင်ပြည်နယ်တွင် ကျင်းပခဲ့သည့် အခမ်းအနား၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ယင်းမှ ထွက်ပေါ် လာသော ရှေ့လုပ်ငန်းစဥ်များနှင့် တွေ့ရှိချက်များ၊ စိန်ခေါ်မှုများအား မှတ်တမ်း တင်နိုင်ရန်နှင့် နောင် SNU ဖွဲ့စည်းမှုများအတွက် ပြင်ဆင်မှုများတွင် အထောက်အကူပြုစေနိုင်ရန် ရည်ရွယ်ပါသည်။