မြန်မာနိုင်ငံ EITI မိတ်ဆက်

   သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး EITI သည် ရေနံ၊ သဘာ၀ဓါတ်ငွေ့ နှင့် သတ္ထုလုပ်ငန်း စသည့် တွင်းထွက်လုပ်ငန်းကဏ္ဍများ ပွင့်လင်းမြင်သာမှုနှင့် တာ၀န်ခံမှုရှိရေးအတွက် ဆောင်ရွက်နေသည့် နိုင်ငံတကာ စံနှုန်းတစ်ခုဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း (၄၈) နိုင်ငံပါ၀င်ဆောင်ရွက်နေသော EITI အဖွဲ့၀င် နိုင်ငံ ဖြစ်လာခဲ့ပါသည်။ EITI လုပ်ငန်းစဉ်တွင် အစိုးရများသည့် တွင်းထွက်ကုမ္ပဏီများမှ ကောက်ခံရရှိထား သည့် အခွန်ဘဏ္ဍာငွေများ၊ အခွန်မဟုတ်သည့်ဘဏ္ဍာငွေများကို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန် ရပြီးကုမ္ပဏီများမှလည်း အစိုးရကို ပေးသွင်းထားသည်များကို ထုတ်ပြန်ရပါသည်။ ထိုထုတ်ပြန် ထားသော ဘဏ္ဍာငွေဆိုင်ရာအချက်အလက်များကို နိုင်ငံ၏ သဘာ၀သယံဇာတစီမံအုပ်ချုပ်မှု အကြောင်းအရာများနှင့် စပ်လျဉ်းသည့် နောက်ခံအချက်အလက်များနှင့်အတူ တိုက်ဆိုင်စစ်ဆေး၍ နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုဖြင့် ထုတ်ပြန်ရပါသည်။ EITI လုပ်ငန်းစဉ်အား အစိုးရ၊ ကုမ္ပဏီများ၊ အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်များဖြင့် ပါ၀င်ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ (Multi-Stakeholder Group-MSG) မှ ကြီးကြပ်စီမံအုပ်ချုပ်မှုဖြင့် အကောင်အထည် ဖော်ရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး EITI အစီရင်ခံစာကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်လယ်ကတည်းက မြန်မာနိုင်ငံ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ သုံးနှစ်တာ အတွက် လုပ်ငန်းအစီအစဉ်တစ်ခုကို သဘောတူခဲ့ပါသည်။ ထိုလုပ်ငန်းအစီအစဉ်တွင် မြန်မာနိုင်ငံအား EITI အဖွဲ့၀င်နိုင်ငံအဖြစ် လိုအပ်သည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန်နှင့် EITI အကောင်အထည်ဖော်ခြင်းအတွက် လိုအပ်သည့် လမ်းပြမြေပုံအား အကောင်အထည်ဖော်မည့် အစီအစဉ်များလည်းပါ၀င်ပါသည်။ ကမ္ဘာ့ဘဏ်မှလည်း ၂၀၁၅ ခုနှစ်အတွင်း EITI လုပ်ငန်း အစီအစဉ်၏ ပထမအဆင့်များအတွက် အမေရိကန်ဒေါ်လာ ၂၉၀,၀၀၀ နှင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ် ကာလအတွင်း EITI  လုပ်ငန်းအစီအစဉ် ဆက်လက်အကောင်အထည်ဖော်ရန်အတွက် Myanmar Partnership Multi-Donor Trust Fund (MP MDTF) မှ အမေရိကန်ဒေါ်လာ ၃.၅ သန်းပမာဏ ကို ထောက်ပံ့ပေးပါမည်။
    ၂၀၁၅ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံ EITI အကောင်အထည်ဖော်ရေးအထောက်အကူ ဖြစ်ရန်အတွက် ဘဏ္ဍာရေး၀န်ကြီးဌာန (ယခု၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန) တွင် နိုင်ငံတော် အဆင့် MEITI ရုံးအဖြစ် ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့် EITI အဖွဲ့တွင် ဖွဲ့စည်းခဲ့ပါသည်။ MEITI  ရုံး၊ ဘက်ဂျက်ဌာန (MOBD) တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာနမှ ၀န်ထမ်းများဖြင့် ခန့်အပ်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့သို့ အစီရင်ခံရပါသည်။
    ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် မြန်မာနိင်ငံ EITI ဦးဆောင်ကော်မတီကို စီမံကိန်းနှင့် ဘဏ္ဍာရေးဌာန၊ ပြည်ထောင်စု၀န်ကြီးအား ဥက္ကဌအဖြစ်ခန့်အပ်၍ သယံဇာတနှင့် သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာန ၀န်ကြီးများမှ အဖွဲ့၀င် အဖြစ်ပါ၀င်၍ စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီးမှ အတွင်းရေးမှူးအဖြစ် ပါ၀င် ဖွဲ့စည်းခဲ့ပါသည်။ Renaissance Institute (RI) ကိုလည်း မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ရန် မြန်မာနိုင်ငံအစိုးရမှ ခန့်အပ်ခဲ့ပါသည်။
    မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ကိုလည်း ၂၀၁၇ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အစိုးရကိုယ်စားလှယ် (၇)ဦး၊ ပုဂ္ဂလိကကိုယ်စားလှယ် (၇)ဦးနှင့် အရပ်ဖက်ကိုယ်စားလှယ် (၉)ဦးဖြင့် ထပ်မံဖွဲ့စည်းခဲ့ပါသည်။
    ၂၀၁၇ ခုနှစ်၊ မတ်လ (၇)ရက်နေ့တွင် မြန်မာနိုင်ငံ EITI မှ ဒုတိယအကြိမ်မြောက် အစီရင်ခံစာ ထုတ်ဝေမည့်ရက်စွဲကို ၂၀၁၈ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ထုတ်ပြန်ရန်နှင့် အကဲဖြတ် လေ့လာခြင်း (Validation) လုပ်ငန်းစဉ် စတင်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် စတင်ရန် နိုင်ငံတကာ EITI ဘုတ်အဖွဲ့နှင့် ညှိနှိုင်းသဘောတူခဲ့ပါသည်။
    ၂၀၁၈ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင် မြန်မာနိုင်ငံ EITI အစီရင်ခံစာများဖြစ်သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ် နှင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အစီရင်ခံစာများအား သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ သဘောတူညီဆုံးဖြတ်မှုနှင့်အညီ အတည်ပြုထုတ်ပြန်၍ မြန်မာနိုင်ငံ EITI Website တွင် အများ ပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ထားပြီး နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးသို့လည်း တင်ပြ ထားပါသည်။ အစီရင်ခံစာများထွက်ရှိပြီးသည့်နောက်တွင်လည်း အစီရင်ခံစာပါ သုံးသပ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း MEITI  လုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းစဉ်များအား အကောင် အထည်ဖော်ခြင်းနှင့် "အစီရင်ခံစာများမှသည် ပြုပြင်ပြောင်းလဲမှုဆီသို့" ရည်ရွယ်ချက် ဆောင်ပုဒ်နှင့် အညီ မြန်မာနိုင်ငံအား EITI အမြဲတမ်းအဖွဲ့၀င်နိုင်ငံဖြစ်လာရန် အကောင်အထည်ဖော် ကြိုးစားလျက် ရှိပါသည်။