စစ်ကိုင်းတိုင်း SNU အစီရင်ခံစာ

2018-08
Category : Other Reports

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး (Extractive Industries Transparency Initiative – EITI) လုပ်ငန်းစဉ်များ အကောင်အထည် ၏ဖော်ဆောင်ရာတွင် ယခင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး မှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့ ရက်စွဲပါ စာအမှတ် (၃၂၉၅/၂၀၁၇) နှင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့ ရက်စွဲပါ စာအမှတ်(၂၁၉၅/၂၀၁၈) တို့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များအားလုံးတွင် တိုင်း/ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Sub-National Coordination Unit/ SNU) များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ထုတ်ပြန်ထားပါသည်။ SNU များ ဖွဲ့စည်းခြင်းဖြင့် သက်ဆိုင်ရာပြည်နယ်/တိုင်း ဒေသကြီးအတွင်း သဘာဝသယံဇာတများ စီမံအုပ်ချုပ်မှု လုပ်ငန်းများတွင် EITI စံနှုန်းနှင့်အညီ ရေရှည်တည်တံ့သော လူမှုစီးပွားဖွံ့ဖြိုးမှုကို ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြင့် သက်ဆိုင်သူများအားလုံးအတူ ပူးပေါင်းလုပ်ဆောင်ရန် မျှော်မှန်းကာ  ဖွဲ့စည်းခြင်းဖြစ်ပါသည်။

 EITI လုပ်ငန်းစဉ်များတွင် စစ်ကိုင်းတိုင်းမှ ပတ်သက်စပ်နွယ်သူများ (Stakeholder) များ ပူးပေါင်းပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များ ဦးဆောင်ကာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ တော်ဝင်ကျောက်စိမ်းဟိုတယ်တွင်၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့တွင် EITI စံနှုန်းနှင့် မြန်မာနိုင်ငံ EITI လုပ်ငန်းစဥ်များအား မိတ်ဆက် ရှင်းလင်း တင်ပြခဲ့ပြီး သြဂုတ်လ (၂၃) ရက်နေ့တွင်  စစ်ကိုင်းတိုင်းဒေသကြီးအဆင့် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။

ဤအစီရင်ခံစာသည် စစ်ကိုင်းတိုင်းတွင် ကျင်းပခဲ့သည့် အခမ်းအနားများ၊ ယင်းအခမ်းအနားများမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များအား အကျဉ်းချုပ် မှတ်တမ်း တင်နိုင်ရန်နှင့် နောင် SNU ဖွဲ့စည်းမှုများအတွက် ပြင်ဆင်မှုများတွင် အထောက်အကူပြုစေနိုင်ရန် ရည်ရွယ်ပါသည်။