အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အင်တာနက် စာမျက်နှာ လွှင့်တင်ခြင်းအခမ်းအနား ကျင်းပခဲ့

EITI လုပ်ငန်းစဥ်အရ သယံဇာတကဏ္ဍနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ၊  နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း စုစုပေါင်း (၁၆၂) ခု၏ အကျိုးအမြတ် ရရှိပိုင်ဆိုင်သူများ၏ အချက်အလက်များအား အများပြည်သူများ သိရှိစေရန် ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ သည် EITI အဖွဲ့ဝင်နိုင်ငံများအနက် စံနမူနာ ရှေ့ပြေးနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ဒုတိယအကြိမ်နှင့် ရှေ့ဆက် ထုတ်ပြန်ခြင်းများ ဆက်လက် ဆောင်ရွက်နိုင်ရန် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အင်တာနက် စာမျက်နှာ https://bo.dica.gov.mm အား အသစ်ပြန်လည် ပြင်ဆင်ထားရှိခဲ့ပါသည်။ ယင်းအင်တာနက် စာမျက်နှာ https://bo.dica.gov.mm နှင့်ပတ်သက်၍ အများပြည်သူများ ပိုမိုသိရှိ လေ့လာနိုင်ပါရန်နှင့် သယံဇာတကဏ္ဍရှိ ကုမ္ပဏီများက BO လုပ်ငန်းစဉ်တွင် ပိုမိုပူးပေါင်းပါဝင်နိုင်ပါရန် ရည်ရွယ်၍ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အင်တာနက် စာမျက်နှာ လွှင့်တင်ခြင်းအခမ်းအနား (BO Website Launch) အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၄) ရက်၊ နံနက် (၁၀) နာရီမှ (၁၂း၃၀) နာရီအထိ Video Conference စနစ်ဖြင့် ကျင်းပခဲ့ပါသည်။



စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက အဖွင့်မိန့်ခွန်း ဦးစွာပြောကြားရာတွင် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့မှုများ၊ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အင်တာနက် စာမျက်နှာ အသစ်၏  အားသာချက်များ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုများကို ထုတ်ဖော်ပြသခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများတို့ကို ထည့်သွင်းပြောကြားခဲ့ပြီး Beneficial Ownership – BO Website လွှင့်တင်နိုင်မှုအစီအစဉ်သည် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် မှတ်တိုင်တစ်ခု ဖြစ်ကြောင်း နှင့် ကဏ္ဍအသီးသီးမှလည်း တက်ကြွစွာပူးပေါင်းပါဝင်၍ အကျိုးအမြတ်ရရှိ ပိုင်ဆိုင်မှု ဆိုင်ရာ သတင်း အချက်အလက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ဖြည့်သွင်း ထုတ်ဖော်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။ 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးသန့်စင်လွင်က နှုတ်ခွန်းဆက်မိန့်ခွန်းပြောကြားရာတွင်  DICA အနေဖြင့် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွင် Focal Agency အဖြစ် တာဝန်ယူဆောင်ရွက်နေခြင်း၊ အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ သမ္မတရုံးအမိန့်ကြော်ငြာစာနှင့် ဆောင်ရွက်ခဲ့သည့် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှု လုပ်ငန်းစဉ်များ အကျဉ်းချုပ်တို့ကို ပြောကြားခဲ့ပြီး ပထမအကြိမ် အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်တွင် ကောက်ခံရမည့် သယံဇာတ ကုမ္ပဏီ ၇၄% က ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ပြည်ပလေ့လာသူများ၏ မှတ်ချက်အရ ဖြည့်သွင်းမှုများ ၈၀% သည် မှန်ကန်သောအချက်အလက်များ ဖြည့်သွင်းခဲ့ကြောင်း တွေ့ရှိရကြောင်း၊ ဒုတိယ အကြိမ် အဖြစ် ၂၀၂၀ နှစ်ကုန်တွင် သယံဇာတ ကုမ္ပဏီနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းပေါင်း (၄၀၀) ကျော်၏ အချက်အလက်များ ကောက်ခံ၍ https://bo.dica.gov.mm တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ COVID-19 အခြေအနေများကြောင့် လူကိုယ်တိုင် မေးမြန်းရန် အခက်အခဲရှိနိုင်သဖြင့် Online မှတစ်ဆင့် သတင်းအချက်အလက်မျှဝေခြင်းနှင့် ဖောင်ပုံစံရှင်းလင်းခြင်းတို့အား လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် ကုမ္ပဏီမှတ်ပုံတင်စနစ်တွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာအချက်အလက်များအား တစ်ပါတည်း ဖော်ပြသွားစေနိုင်မည့် အခြေအနေပေါ်ပေါက်လာစေရန်အတွက် ဤသို့သယံဇာတကဏ္ဍ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု လုပ်ငန်းစဉ်သည် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ USAID ဌာနေညွှန်ကြားရေးမှူး အလဲဂရပ််ဘ်စ်က မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်၏ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ ကိုယ်စား အမှာစကား‌ပြောကြားရာတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ဝက်ဘ်ဆိုဒ်စာမျက်နှာအသစ် လွှင့်တင်ခြင်းသည် စံချိန်စံညွှန်းများနှင့် အပြည့်အဝကိုက်ညီစေရန် အရေးကြီးသည့် မှတ်တိုင်ဖြစ်ကြောင်း၊ ယင်းခြေလှမ်းများသည် သယံဇာတ တူးဖော်ထုတ်လုပ်မှုဆိုင်ရာ တန်ဖိုးကွင်းဆက်အတွက် အကျိုးပြုမှုများ ဆောင်ယူလာပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရေးတို့အတွက် အထောက်အကူဖြစ်စေကြောင်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ ဘေးကင်းလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုများဆီသို့ ဆက်လက်ရွေ့လျားနိုင်စေရန် ထောက်ပံ့နိုင်ရေး မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်လျက်ရှိကြောင်း စသည်ဖြင့် ပြောကြားသွားခဲ့ပါသည်။ 

အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့ဝင်များဖြစ်ကြသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမင်း၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဟန်၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့မှ ဒေါ်မိုးမိုးထွန်းတို့က စကားဝိုင်းဆွေးနွေးခြင်းအစီအစဥ်တွင် ပါဝင် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး (အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်း အဖွဲ့ခေါင်းဆောင်) ဦးအေးလွင်က နိဂုံးချုပ်စကား‌ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ 

အကျိုးအမြတ် ရရှိပိုင်ဆိုင်မှုဆိုင်ရာ အင်တာနက် စာမျက်နှာ လွှင့်တင်ခြင်းအခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးသန့်စင်လွင်၊ မန္တလေးတိုင်းဒေသကြီးလုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ နာယက သယံဇာတဝန်ကြီး ဦးမျိုးသစ်၊ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး (အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်း အဖွဲ့ခေါင်းဆောင်)၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်း အဖွဲ့ဝင်များ၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ဝင်များ၊ အစိုးရဌာန အဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိများ၊ သယံဇာတကဏ္ဍ လုပ်ငန်းရှင်အသင်းချုပ်များနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ EITI ဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ စီမံကိန်းမန်နေဂျာ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ ညှိနှိုင်းရေးတာဝန်ခံနှင့် တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ လေ့လာသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။