Mining Cadaster ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့

Mining Cadaster လုပ်ငန်းစဉ်အတွက် Consultant မှတင်ပြထားသည့် Design Report မူကြမ်းအပေါ် ဆွေးနွေးရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Mining Cadaster Working Committee MEITI Mining Cadaster Sub-committee MOPFI World Bank နှင့် Spatial Dimension တို့ပါဝင်သည့် ၅ ပွင့်ဆိုင် ညှိနှိုင်းအစည်းအဝေးတစ်ရပ်အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ နေ့လယ် (၁း၀၀) နာရီတွင် အွန်လိုင်းဖြင့် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးအား အစီအစဉ် ၅ ရပ်ဖြင့် ကျင်းပခဲ့ပြီး ပထမဦးစွာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ Mining Cadaster Working Committee မှ ဥက္ကဋ္ဌဖြစ်သူ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ် ဦးခင်လတ်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက Design Report မူကြမ်းအပေါ် ဖြည့်စွက်လိုသည်များ၊ သဘောထားမှတ်ချက်ပေးထားမှုများနှင့် Consultant ၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအပေါ် သဘောထား အမြင်များအား ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ Consultant ဖြစ်သည့် Spatial Dimension မှ တာဝန်ရှိသူက Design Report မူကြမ်းအပေါ် သဘောထားမှတ်ချက်များအား ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များအား တင်ပြခဲ့ပြီး တက်ရောက်လာသူများကလည်း ကဏ္ဍအလိုက် မှတ်ချက်ပြုဆွေးနွေးခဲ့ကြသည်။ ထို့နောက် အစီအစဉ်အရ အစည်းအဝေးဆုံးဖြတ်ချက်များအား ဆွေးနွေးအတည်ပြုခဲ့ကြပြီးနောက် သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ် ဦးခင်လတ်ကြီးက နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ Mining Cadaster Working Committee ဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီးနှင့် သက်ဆိုင်ရာဌာန အကြီးအကဲများ၊ MEITI Mining Cadaster Sub-committee မှ အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကဏ္ဍ ကိုယ်စားလှယ်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ World Bank မှ တာဝန်ရှိသူများ၊ Consultant ဖြစ်သည့် Spatial Dimension နှင့် Local Partner Valentis မှ တာဝန်ရှိသူများနှင့်မြန်မာနိုင်ငံ EITIညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေး၌ Final Design Report အား Consultant မှ လာမည့် ၂၀-၁၀-၂၀၂၀ ရက်နေ့တွင် ပြည့်ပြည့်စုံစုံဖြင့် ပြန်လည်တင်ပြပေးရန်ဆုံးဖြတ်ချက်အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၈) ချက်အား ဆွေးနွေးချမှတ်ခဲ့ကြသည်