ကချင်ပြည်နယ်မြောက်ပိုင်းတွင် တရုတ်နိုင်ငံသားများ သလင်းကျောက် တရားမဝင်တူးဖော်နေမှုကို သက်ဆိုင်ရာကဖမ်းဆီး

PUBLISHED 6 APRIL 2020

 

ထွန်းလင်းအောင် (မြစ်ကြီးနား)

ကချင်ပြည်နယ်မြောက်ပိုင်းတွင် တရုတ်နိုင်ငံသားများ သလင်းကျောက် တရားမဝင်တူးဖော်နေမှုကို ကချင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်ကာ ဧပြီ ၁ ရက်မှ စတင်ကာ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

 

ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန လူမှုကွန်ရက်စာမျက်နှာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း ဦးစီးအဖွဲ့၊သတ္တုတွင်းဦးစီးဌာန၊ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ ချီဖွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ၊ တပ်မတော်တပ်ဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သည့်အဖွဲ့သည် ချီဖွေမြို့ နယ်၊ ကန်းဖန်ကျေးရွာအုပ်စု၊ ရာခလူးကျေးရွာအနီး တရုတ်နိုင်ငံသားများ သလင်းကျောက် တရားမဝင်တူးဖော်နေကြောင်း သတင်းရရှိသဖြင့် မတ် ၃၁ ရက် ညပိုင်းမှ ဧပြီ ညနေပိုင်းအထိ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိသည်။

ယင်းသို့ဖမ်းဆီးရာတွင် ဘက်ဟိုး ၁၀ စီး၊ ဆယ်ဘီးကား နှစ်စီး၊ လုတ်ဒါ ရှစ်စီး၊ ကျောက်ဖောက်စက် လေးစီး၊ ယမ်းတောင့် ၁၇၁၇ ချောင်း၊ ယမ်းခွေ လေးခွေ၊ စနက်တံ ၇၅၅ ချောင်း၊ ယမ်းဖောက်ခွဲရာတွင် အသုံးပြုသည့် အမိုနီယမ်နိုက်ထရိတ် ၅၇၇ အိတ်၊ အဆောက်အအုံ ကိုးလုံးနှင့် စုစုပေါင်းဆက်စပ်ပစ္စည်း ၂၈ မျိုးကို  ပိုင်ရှင်မဲ့သိမ်းဆည်းမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 လူနေအဆောက်အအုံများအတွင်း တရုတ်နိုင်ငံသားများ၏ အသုံးအဆောင်များ၊ ဘောက်ချာများ၊ နိုင်ငံကူးလက်မှတ်မိတ္တူများ တွေ့ရှိရပြီး တရုတ်နိုင်ငံသားများမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဖော်ပြထားသည်။ တွေ့ရှိသည့်နေရာသည် ပေ ၈၀၀၀ မှ ၁၀၀၀၀ အထိရှိသည့် တောင်ကုန်းနေရာဖြစ်ပြီး တောင်ထိပ်မှ ယမ်းကပ်မိုင်းခွဲ၍ ထုတ်ယူခြင်း၊ တောင်ခြေတွင် ယမ်းကပ်မိုင်းခွဲ ထုတ်ယူခြင်း၊ ဥမင်လိုဏ်ခေါင်းများတူးကာ ယမ်းကပ်မိုင်းခွဲခြင်းစသည့် နည်းလမ်းပေါင်းစုံသုံးကာ သလင်းကျောက်များ ထုတ်ယူနေကြောင်း သိရသည်။ သလင်းကျောက် အမြောက်အမြား သိမ်းဆည်းရမိပြီး တရားမဝင်ထုတ်ယူနေသည့် တရုတ်နိုင်ငံသားများအား ဥပဒေအရအရေးယူရန် စီစဉ်ဆောင်ရွက်နေကြောင်း သတ္တုဌာန လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်အစိုးအရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ယင်းဒေသမှာ စမ်းသပ်လုပ်ကွက်ချပေးရန် အလွမ်းတောင် ကုမ္ပဏီနှင့် မင်္ဂလာရွှေမိုးကုမ္ပဏီက တောင်းဆိုထားသည့် နေရာဖြစ်ကြောင်း၊ တိုင်ကြားမှုများ ရှိခဲ့ပြီး တရားမဝင်လုပ်ငန်းများ တွေ့ရှိပါက ဖမ်းဆီးရန် ညွှန်ကြားထားကြောင်း၊ တိုင်ကြားသည့်မှာ စမ်းသပ်လုပ်ကွက် လျှောက်ထားသည့် ကုမ္ပဏီမဟုတ်သဖြင့် မေးမြန်းသွားမည်ဖြစ်ကြောင်း ခရီးလွန်နေသည့်အတွက် အချက်အလက်များ မိမိထံမရောက်သေးကြောင်း ပြောကြားသည်။

၎င်းက “ အဲဒီနေရာမှာ စမ်းသပ်လုပ်ကွက် လျှောက်ထားတယ်။ ပြည်ထောင်စုက ခွင့်မပြုသေးဘူး။ ခိုးတူးတယ်ဆိုပြီး တိုင်ထားတာရှိတယ်။ သိမ်းဆည်းမိတဲ့ ပစ္စည်းတွေများတယ်။ ချီဖွေရဲစခန်းကိုပို့ပြီး အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရတယ်။ လိုဏ်ခေါင်းတွေ ဖောက်ပြီးတူးတယ်ဆိုတော့ ကြီးကျယ်တဲ့လုပ်ငန်းဖြစ်မယ်” ဟု ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရမိသည့် အခြေအနေမှာ ကျပ်သိန်း သောင်းဂဏန်းနီးပါးရှိနေကြောင်း၊ ယင်း ဖီမော်၊ ကန်ဖန်ဒေသတွင် တရားဝင်ချထားပေးသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ မရှိသေးကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့က လုပ်ခွင့်ပြုသင့်ကြောင်း ထောက်ခံချက်ပေးထားသည်မှာ ဆယ်ဂဏန်းခန့်သာ ရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ထားဆဲဖြစ်ကြောင်း၊ ယင်းဒေသတွင် မှောင်ခိုလုပ်ငန်းများဖြစ်ပေါ်နေခြင်းမှာ တရားဝင်လုပ်ငန်းများ မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်သူ့စစ်အဖွဲ့များ၊ နယ်ခြားစောင့်တပ်များရှိနေခြင်း၊ တရုတ်နိုင်ငံနယ်နိမိတ်နှင့် နီးစပ်လွန်းခြင်း စသည့်အခြေအနေများကလည်း မှောင်ခိုလုပ်ငန်းဖြစ်စေသည့် အကြောင်းများဖြစ်ကြောင်း ဝန်ကြီး ဦးဒါရှီလဆိုင်းက ဆိုသည်။

ဆော်လော်မြို့နယ် မြို့နယ်မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါ်ခေါ်မာဝူက “ လျှောက်တဲ့သူတွေ တစ်ဦး၊ မြေဦးတဲ့သူက တစ်ဦးဖြစ်နေတော့ အချင်းချင်းမကျေနပ်ပြီး တိုင်ကြားမှုတွေရှိတယ်တဲ့။ သလင်းကတော့ တစ်တန်မှ တန်ဖိုးကျပ်ငွေ တစ်သောင်းဝန်းကျင်ပဲရှိတယ်။ လျှောက်တဲ့ကုမ္ပဏီကလည်း လမ်းဖောက်တာတွေ လုပ်ကွက်မှတ်တာတေ ွအဆောက်အအုံပြင်ဆင်ကြတော့ တိုင်တယ်။ ဖမ်းဆီးတယ်ဆိုတဲ့ အခြေအနေ ရောက်သွားတယ်လို့ သိရတယ်” ဟု ပြောကြားသည်။