လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈ သန်း ပိုမိုရရှိထား

PUBLISHED 5 APRIL 2020

 

ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၈ သန်းပိုမို ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၂၇ ရက်အထိ ခြောက်လအတွင်း ပြည်ပသို့ သဘာဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁ ဒသမ ၈၁၁ ဘီလျံ ရရှိထားသည်။ ယခင်နှစ်ကာလတူတွင်မူ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၉၃ ဘီလျံသာ ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခြောက်လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၈ သန်း ပိုမိုရရှိထားကြောင်း သိရသည်။

“ ဒီမတ်လ ၂၇ ရက်အထိက သဘာဝဓာတ်ငွေ့က ဒေါ်လာ ၁၈၁၁ သန်း (၁ ဒသ မ ၈၁၁ ဘီလျံ) ရရှိထားတယ်။ ယခင်ကာလတူနဲ့ဆိုရင် ပိုတယ်။ ဘယ်လောက်ပိုလဲဆိုတော့ ဒေါ်လာ ၁၈ သန်းပိုတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အစိုးရသက်တမ်း တတိယ တစ်နှစ်တာအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းအနေဖြင့် ကုန်းတွင်းနှင့် ကမ်းလွန်ရှိ တွင်းပေါင်း ၈၆ ခုမှ စုစုပေါင်းရေနံစိမ်းစည် ၃ ဒသမ ၃၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၆၂၃,၀၀၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် မေ ၉ ရက် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောချက်များကို မေ ၁၀ ရက်ထုတ် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြထားသည်။

တတိယတစ်နှစ်တာ ကာလအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းက ကုန်းတွင်းပိုင်းတွင် ရှာဖွေရေးနှင့် ဖွံ့ဖြိုးရေးတွင်း ၂၃ တွင်းနှင့် ပူးပေါင်းကုမ္ပဏီများက ၁၇ တွင်း စုစုပေါင်းတွင်း ၄၀ တူးဖော်ခဲ့ပြီး ရေနံစိမ်းစည် ၂ ဒသမ ၃၁ သန်း နှင့် သဘာဝဓာတ်ငွေ့ ၁၉,၀၁၉ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာကုမ္ပဏီများက ကမ်းလွန်အပိုင်းတွင် ၄၆ တွင်းတူးဖော်ခဲ့ပြီး ရေနံ (လေဆီ) စည် ၁ ဒသမ ၀၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၀၄၈၁၈ သန်း ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။

တတိယတစ်နှစ်တာအတွင်း ကုန်းတွင်းနှင့် ကမ်းလွန်ရေနံစိမ်းစည် စုစုပေါင်း ၃ ဒသမ ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၂၃,၈၃၈ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

လစ်လပ်လျက်ရှိသော ကုန်းတွင်းပိုင်းလုပ်ကွက် ၁၈ ကွက်နှင့် ကမ်းလွန်လုပ်ကွက် ၁၅ ကွက်ကို ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးမြှင့် ဆောင်ရွက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုများကို မကြာမီ ဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

ကမ်းလွန် ၁၅ ကွက်၌ A-2၊ AD-4 ၊ AD-10 ၊ AD-12 ၊ AD-13 ၊AD-14 ၊ AD-15 ၊ AD-16 ၊ M-1 ၊ M-10 ၊ M-16 ၊ MD-1 ၊ MD-3 ၊ MD-6 ၊ MD-8 တို့ဖြစ်ကြောင်း Rakhine Investment Oppptunity Survey တွင် ဖော်ပြထားသည်။ ကုန်းတွင်း ၁၈ ကွက်၌ PSC- C2 ၊ PSC-J ၊ PSC-M ၊ PSC-S ၊ PSC-T ၊ PSC-U ၊ PSC-V ၊ RSF-2 ၊ RSF-3 ၊ RSF-4 ၊ RSF-7 ၊ RSF-10 ၊ IOR-2 ၊ IOR-3 ၊ IOR-4 ၊ MOGE-6၊ MOGE-7 ၊ MOGE-8 တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်းလုပ်ကွက် ၁၀၄ ကွက်ရှိပြီး ယင်းအနက် ကမ်းလွန်တွင် ၅၁ ကွက်နှင့် ကုန်းတွင်းတွင် ၅၃ ကွက်အထိရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင်လည်း A-6 ကမ်းလွန်လုပ်ကွက် တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး သဘောတူညီမှုစာချုပ်များ ချုပ်ဆိုခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ သဘာဝဓာတ်ငွေ့ထုတ်လုပ် ဖြန့်ဖြူးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

Woodside အနေဖြင့် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ရှိ A-6 ကမ်းလွန်လုပ်ကွက်သည် တူးဖော်ရှာဖွေရေးနှင့် အကဲဖြတ်အဆင့်ကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး ပဏာမအဆင့် အင်ဂျင်နီယာလုပ်ငန်းပိုင်းဆိုင်ရာ ဒီဇိုင်း ဖော်ဆောင်ခြင်း (pre-front-end Engineering design, pre-FEED အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။