ကျောက်စိမ်းအတွက် အဖြေမှန်လိုသည်

ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်ဒေသမှ ကျောက်စိမ်းတူးဖော်နေမှုများနှင့်ပတ်သက်၍ အစိုးရဘက်မှ ဖြေရှင်းချက်များက စိတ်ကျေနပ်စရာမရှိပေ။



လက်ရှိအစိုးရသက်တမ်းလအနည်းငယ်သာကျန်တော့ချိန်တွင် ကျောက်စိမ်းများကို အလွန်အမင်းတူးဖော်နေမှုများနှင့်ပတ်သက်၍ ပြည်သူများစိုးရိမ်နေစဉ် အစိုးရဘက်မှ တာဝန်ရှိသူတစ်ဦးက ကျောက်စိမ်းတူးဖော်နေမှုသည် ပုံမှန်သာဖြစ်ကြောင်း ပြောကြားသောကြောင့်ဖြစ်သည်။

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့်က ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်မှု ၂ နှစ်ခွဲရပ်နားထားရာမှ ၂၀၁၄ စက်တင်ဘာ ၁ ရက်က ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာများအား ဖြေကြားထားသည်။ ၂၀၁၄ နှစ်ကုန်ပိုင်းမှ စတင်ခွင့်ပြုသော်လည်း ကျောက်စိမ်းတူးဖော်သော ကုမ္ပဏီများ ပြင်ဆင်ချိန်ပေးရသောကြောင့် ၂၀၁၅ ပွင့်လင်းရာသီရောက်မှ တူးဖော်နိုင်ခြင်းဖြစ်သည်ဟု ဆိုပါသည်။

အမှန်တွင်တော့ မြန်မာ့ကျောက်စိမ်း တူးဖော်ရောင်းချမှုများသည် ပွင့်လင်းမြင်သာမှုအားနည်းလှပြီး လူနည်းစုသာ အကျိုးအမြတ်များစွာရ ရှိနေမှုကို ပြန်လည်ဆန်းစစ်ရန် လိုနေသည်။ ပဋိပက္ခများ၊ ခြစားမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို စုံစမ်းဖော်ထုတ်နေသော အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness ၏ စုံစမ်းဖော်ထုတ်ချက်များအရ မြန်မာနိုင်ငံ၏ ကျောက်စိမ်းထုတ်လုပ်မှုမှာ ၂၀၁၄ တစ်နှစ်တည်းမှာပင် ကီလို ၁၆ သန်းကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံရှိကြောင်း တွက်ချက်ထားသည်။

သို့သော် မြန်မာအစိုးရက နိုင်ငံတကာ EITI (သဘာဝသယံဇာတ လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိစေရေးဆောင်ရွက်ကျင့်သုံးမှု နိုင်ငံ တကာသဘောတူညီချက်)သို့ တင်ပြသော စာရင်းတွင် ကျောက်စိမ်းမှ ဝင်ငွေမှာ ၂၀၁၄ တွင် ဒေါ်လာသန်း ၆၀၀ ကျော်သာရှိသည်။ Global Witness စာရင်းနှင့် နှိုင်းယှဉ်လျှင် ဝင်ငွေ အဆ ၅၀ ခန့်ကွာဟနေခြင်းဖြစ်သည်။ ထူးဆန်းသည်မှာ ကျောက်စိမ်းထုတ်လုပ်သော ပမာဏကိုကြည့်လျှင် မြန်မာ အစိုးရ ထုတ်ပြန်သော စာရင်းကပင် များနေခြင်းဖြစ်သည်။

သတ္တုတွင်းဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အစိုးရသက်တမ်း ငါးနှစ်အတွင်း ကျောက်စိမ်းကီလိုဂရမ် ၁၇၅ သန်း ထုတ်လုပ်ရန် လျာထားပြီး ကီလို ၁၀၆ သန်းကျော် ထုတ်လုပ်ခဲ့ကြောင်း ဆိုသည်။ ပျမ်းမျှတွက်ချက်လျှင် တစ်နှစ်လျှင် ကီလို ၂၁ သန်းကျော်ထုတ်လုပ်ခဲ့သည်ကို တွေ့ရသည်။ Global Witness က၂၀၁၄ ၌ ကီလို ၁၆ သန်းထုတ်ယူသည်ဟု ခြေရာကောက်ကာ ဝင်ငွေဒေါ်လာ၃၁ ဘီလီယံရှိကြောင်း တွက်ချက်ခြင်းဖြစ်၍ ၎င်းတို့တွက်ချက်သော ကျောက်စိမ်းထုတ်လုပ်မှုက အစိုးရထုတ်ပြန်သော ကျောက်စိမ်းထုတ်လုပ်မှုပမာဏထက်ပင် နည်းနေပါသေးသည်။

ထို့ကြောင့် နှစ်ဖက်ထုတ်ပြန်ချက်များ ကြားချလျှင်ပင် ကျောက်စိမ်း ထုတ်လုပ်မှုသည် ဒေါ်လာဘီလီယံချီတန်သော စီးပွားရေးလုပ်ငန်းဖြစ်နေ သည်က သေချာသည်။ ပြဿနာက ယင်းပိုက်ဆံများ ဘယ်ရောက်ကုန် မှန်းမသိခြင်းနှင့် ပြည်သူများအကျိုးခံစားခွင့်မရှိခြင်းဖြစ်သည်။ ထို့အပြင် အဖိုးတန်ကျောက်စိမ်းများသည် ဖားကန့်ဒေသတွင် အမြဲထွက်နေမည် မဟုတ်ပေ။ သဘာဝသယံဇာတတို့၏ ထုံးစံအတိုင်း အလွန်အကျွံတူးဖော်ထုတ်လုပ်မှုများ နောက်ကွယ်တွင် အချိန်တိုတိုနှင့် ကုန်ခန်းသွားမည်သာ ဖြစ်ပါသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ထုတ်လုပ်ထားသော ကျောက်စိမ်းပမာဏသည် ယခုချိန်ထိ ရောင်းမကုန်သေးဘဲ နောက်ထပ်သုံးနှစ်စာပင် ရောင်းချရန်ကျန်နေသေးကြောင်း သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောထားသည်။ သို့ဆိုလျှင် ယခုအ ချိန်တွင် ကျောက်စိမ်းကို အများအပြား ဘာကြောင့်ထုတ်ယူရန် ကုမ္ပဏီများက လိုလားနေပြီး အစိုးရကလည်း အဘယ်ကြောင့် ခွင့်ပြုထားပါသလဲဟု မေးခွန်းထုတ်ရန်ရှိသည်။ ဈေးကွက်တွင် ပစ္စည်းရှားပါးလေလေ ဈေးတက်လေလေဖြစ်သောကြောင့် ထုတ်လုပ်ပြီးသားများကို တန်ဖိုးမြှင့်ရောင်းချသော နည်းလမ်းကို အသုံးချမရဘူးလားဟုလည်း ထပ်ဆင့်မေးခွန်းထုတ်လိုသည်။

သို့သော် လတ်တလောအစိုးရ၏ ဖြေရှင်းမှုသည် ကျောက်စိမ်းတူးဖော်ရန် ယာဉ်ယန္တရားများ တင်သွင်းခွင့်ကို ကန်ပိုက်တီးနယ်စပ်၌ ခေတ္တရပ်ဆိုင်းကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာသည်။ သို့သော် ယာဉ်ယန္တရားများ တင်သွင်းခွင့်မပိတ်မီ အစီးရေ ၈၈၀ ကို တရားဝင်တင်သွင်းထားပြီးဖြစ်သည်။ တရားမဝင် ယာဉ် ၇၀၀ ကျော်ကို ထိန်းသိမ်းထားကာ နိုင်ငံဘဏ္ဍာငွေရအောင် လေလံပစ်ပြန်ရောင်းထားသည်ဟုဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ပြဿနာပေါ်လျှင် လုပ်နေကျအစဉ်အလာအတိုင်း ယာဉ်ယန္တရားများတင်သွင်းမှုများကို အဖြေမှန်သိအောင် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းသည်။ ထို့နောက် သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူက လက်ရှိကျောက်စိမ်းထုတ်လုပ်မှုသည် ပွင့်လင်းရာသီရောက်လာ၍ ပုံမှန်အတိုင်း ထုတ်လုပ်ခြင်းဟု ပြောထားခြင်းဖြစ်သည်။

ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အရေး၊ မူးယစ်ဆေးဝါး ပြဿနာ၊ တရားဥပဒေစိုးမိုးမှုလျော့ရဲမှု အဂတိလိုက်စားမှု စသည်တို့ ကြောင့် ကျောက်စိမ်းတူးဖော်ထုတ်လုပ်မှုသည် အလွန်ရှုပ်ထွေးလှပြီးအစိုးရကသာလျှင် တာဝန်ခံ၍ ပိုမိုပွင့်လင်းမြင်သာအောင်၊ တိုင်းပြည်နှင့်ပြည်သူများ ပိုမိုအကျိုးဖြစ်ထွန်းလာအောင်လုပ်ဆောင်ရန် မှာမူ အခက်အခဲများစွာ ကြုံရမည်ဖြစ်သည်။

သို့သော် သေချာသည်က လူနည်းစုသာ အကျိုးအမြတ်များစွာရနေပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးကျေးဇူးနည်းသော လက်ရှိကျောက်စိမ်းတူးဖော်ထုတ်လုပ်ခွင့်ပြုသောပုံစံနှင့် ဥပဒေများကို ပြန်လည်ဆန်းစစ်၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်မလွဲမသွေလိုအပ်နေပြီဖြစ်သည်။

အသစ်တက်လာမည့် ဒီချုပ်အစိုးရအတွက်လည်း ကျောက်စိမ်းမြေကို အကောင်းဆုံးစီမံခန့်ခွဲရန်မှာ စိန်ခေါ်မှုတစ်ခုဖြစ်လာပါလိမ့်မည်။

မည်သို့ပင်ဆိုစေ လက်ရှိအစိုးရကကျောက်စိမ်းမြေတွင် ပြဿနာအရှုပ်ထုပ်များစွာကို နောက်အစိုးရအတွက် ချန်မထားခဲ့ရန် သမ္မတဦးသိန်းစိန်အစိုးရတွင် တာဝန်ရှိပါသည်။