နောက်ကွယ်က ပိုင်ဆိုင်မှုများကို ထုတ်ဖော်ခြင်း

နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သော စာရွက်စာတမ်းပေါင်း ၁၃ သန်းကျော် ပေါက်ကြားမှု (Paradise Papers) ယခုလဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အဆိုပါပေါက်ကြားမှုက ပွင့်လင်းမြင်သာမှု မရှိသော ကုမ္ပဏီဖွဲ့စည်းပုံများနှင့် နိုင်ငံတကာငွေရေးကြေးရေး စီးဆင်းမှုများကို ထပ်မံမီးမောင်းထိုးလိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေးသြဇာအာဏာရှိသူများနှင့် ဆက်နွှယ်နေသည့် ပုဂ္ဂိုလ်များ၊ အခွန် စည်းမျဉ်းလျော့ရဲသည့် နိုင်ငံများတွင် ကွယ်ဝှက်ထားသော ထင်ရှားသည့် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ၊ မေးခွန်းထုတ်စရာ ငွေပေးချေမှုများနှင့် ပတ်သက်သည့် အသေးစိတ် အချက်လက်များလည်း ထပ်မံထွက်ပေါ်လာခဲ့သည်။ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ထုတ်လုပ်ရေးကဏ္ဍများတွင် ပိုင်ဆိုင်မှု မရှင်းမလင်းဖြစ်နေခြင်းက အဂတိလိုက်စားမှုကို အထောက်အကူဖြစ်စေသည်။ ထိုအချက်က မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိုးရိမ်ပူပန်စရာပင်ဖြစ်သည်။

 

'Beneficial Ownership' ဆိုသော ဝေါဟာရကို ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်သူ၊ ထိန်းချုပ်ထားသူ၊ စီးပွားရေးအရ အကျိုးအမြတ်ရရှိသော ပုဂ္ဂိုလ်အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုနိုင်သည်။ အငြင်းပွားဖွယ်ရာ အကျိုးအမြတ်ရရှိသည့် ပိုင်ဆိုင်မှု (သို့မဟုတ်) ပိုင်ဆိုင်သူဆိုသည်မှာ အသစ်အဆန်းတော့ မဟုတ်ပေ။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်၌ ပိုင်ဆိုင်မှုများဖော်ထုတ်ရေး ညီလာခံတစ်ရပ်ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကျင်းပခဲ့သည်။ မြန်မာနိုင်ငံမှ အစိုးရကိုယ်စားလှယ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍက ကိုယ်စားလှယ်များအပါအဝင် နိုင်ငံပေါင်း ၅၂ နိုင်ငံက ကိုယ်စားလှယ်ပေါင်း ၄၀ဝ ကျော် တက်ရောက်ပြီး တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ကိုင်နေသည့် ကုမ္ပဏီများကို အမှန်တကယ် ပိုင်ဆိုင်သူများအကြောင်း ဆွေးနွေးခဲ့ကြသည်။

 

ထိုညီလာခံသည် ကုမ္ပဏီပိုင်ဆိုင်မှု ကွယ်ဝှက်ထားမှုများကို အဆုံးသတ်ရန် တိုက်တွန်းသည့် လတ်တလော အဖြစ်ဆုံး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုဖြစ်သည်။

 

ပိုင်ဆိုင်မှုမရှင်းလင်းသည့် ကုမ္ပဏီများသည် အခွန်တိမ်းရှောင်ခြင်း၊ ငွေကြေး ခဝါချခြင်းနှင့် အကျိုးစီးပွားဆန့်ကျင်မှုများ စသည့် သမာသမတ်မကျသည့် လုပ်ရပ်များကို အားပေးလျက်ရှိသည်။ နောက်ကွယ်ပိုင်ဆိုင်သူသည် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ခြင်းနှင့် ထိုသူများကို စောင့်ကြည့်ခြင်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အထောက်အကူဖြစ်စေသည်။

၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပနားမားစာရွက်စာတမ်းများ ပေါက်ကြားမှုက စီးပွားရေးဆိုင်ရာ အပေးအယူများ၊ ပိုင်ဆိုင်မှုနှင့် ပတ်သက် ပြီး ပွင့်လင်းမြင်သာမှု ပိုမိုလိုအပ်ကြောင်းကို ထင်သာမြင်သာ ရှိစေသည့် အစပျိုး အခြေအနေတစ်ရပ် ဖြစ်ခဲ့သည်။ ထိုပေါက်ကြားမှုကြောင့် နိုင်ငံရပ်ခြားတွင် အခြေစိုက်ထားသည့် ဟန်ဆောင်ကုမ္ပဏီများကို ဖော်ထုတ်ပေးနိုင်ခဲ့သည်။ ကမ္ဘာတစ်လွှားက နိုင်ငံရေးနှင့် စီးပွားရေး ထိပ်တန်းခေါင်းဆောင်များ၏ ဂုဏ်သိက္ခာကျဆင်းခဲ့ရသည်။ နိုင်ငံပေါင်းစုံ လုပ်ငန်းကဏ္ဍပေါင်းစုံ ပါဝင်ပြီး ဒေါ်လာဘီလျံနှင့်ချီရှိနေသည့် တရားမဝင်ငွေကြေးစီးဆင်းမှုများကို နိုင်ငံတကာက အာရုံစိုက်လာခဲ့သည်။

 

ပနားမားစာရွက်စာတမ်းများပေါက်ကြားမှုအလွန်တွင် ကမ္ဘာတစ်ဝန်း ပိုင်ဆိုင်မှုဖုံးကွယ်ထားသည်များကို ဖော်ထုတ်ရန် နိုင်ငံခေါင်းဆောင်များက ကတိကဝတ်ပြုခဲ့ကြသည်။ သဘာဝသယံဇာတများ ကောင်းစွာ စီမံခန့်ခွဲကို မြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတစ်ခုဖြစ်သည့် EITI ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတစ်ခုဖြစ် သည့် EITI ကို ဖော်ဆောင်နေသော မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ပေါင်း ၅၂ နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့် နှစ်နောက်ဆုံးထား၍ ပုန်းကွယ်နေသည့် ပိုင်ဆိုင်မှုများကို ဖွင့်ချရန်လိုအပ်သည်ဟု EITI က ပြီးခဲ့သည့် နှစ်တွင် ထုတ်ပြန်ခဲ့ သည်။

ယခုနှစ်မတ်လအတွင်းကလည်း ဥရောပသမဂ္ဂက ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စည်းမျဉ်းများကို တင်းကျပ်သည့် အဆင့်တစ်ဆင့်အနေဖြင့် ဥရောပသမဂ္ဂနိုင်ငံများအတွင်း လည်ပတ်နေသည့် ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ် နှံထားသည့် ငွေများ၏ နောက်ကွယ်ပိုင်ဆိုင်သူများကို မဖြစ်မနေဖော်ထုတ်ရန် အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် အမည်ခံပိုင်ဆိုင်မှုများကို မဖြစ်မနေဖော်ပြရမည်ဟု ပြဋ္ဌာန်းထားသောဥပဒေ မရှိပေ။ သို့သော် EITI ၏ အဖွဲ့ဝင်လောင်းဖြစ်နေခြင်းက နိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်များကို တူးဖော်နေသော ကုမ္ပဏီများကို မည်သူကပိုင်ဆိုင်ပြီးမည်သူက အကျိုးအမြတ်ရရှိနေသည်ကို ပွင့်လင်းမြင် သာဖြစ်လာစေပြီး သယံဇာတစီမံခန့်ခွဲမှုကို ပိုမိုကောင်းမွန်စေရန် တွန်းအားပေးသည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာ EITI ညွန့်ပေါင်းအဖွဲ့သည် ယခုနှစ် စက်တင် ဘာမှစတင်ကာ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်သတ္တုကဏ္ဍများရှိ ပိုင်ဆိုင်မှု အချက်အလက်များကို ဖော်ထုတ်ရန် ဆောင်ရွက်လျက်ရှိသည်။

လာမည့်နှစ်ဆန်းပိုင်းတွင် ထုတ်ပြန်မည့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် EITI အစီရင်ခံစာတွင် ကုမ္ပဏီများကို ပိုင်ဆိုင်သူနှင့် အကျိုးခံစားခွင့်ရှိသူများနှင့် စပ်လျဉ်း၍ ဆန္ဒအလျောက် ထုတ်ပြန်မှုများကို ထည့်သွင်းရန်လည်း ဆုံးဖြတ်ထားသည်။

ပိုင်ဆိုင်မှုများကို ထုတ်ဖော်ရာတွင် လိုအပ်ချက်များကို အသက်သွင်းခြင်း၊ ပိုင်ဆိုင်မှုအချက်အလက်များနှင့် ပတ်သက်၍ အကျိုးစီးပွား ဆန့်ကျင်နိုင်သည့် အခြေအနေ ရှိ၊ မရှိစစ်ဆေးခြင်း၊ လိုအပ်ပါက မှားယွင်းသော အချက်အလက်များ နှင့် အဂတိလိုက်စားမှုများကို အရေးယူဆောင်ရွက်ခြင်းသည် မလွယ်ကူသည့် ကိစ္စရပ်များဖြစ်သည်။ အဆိုပါအချက်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန်မှာ အစိုးရတာဝန်ရှိသူများ၏ ထောက်ခံမှု၊ အသုံးစရိတ်၊ နည်းပညာနှင့် အရည်အချင်းပြည့်ဝသော ဝန်ထမ်းများ လိုအပ်ပါသည်။

သို့သော်လည်း ထိုကိစ္စများကို အောင်မြင်စွာဆောင်ရွက်ရန် ဖြစ်နိုင်ခြေလည်း ရှိနေသည်။ ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Global Witness က တောင်းဆိုခဲ့ရာတွင် ပြည်တွင်းပြည်ပ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီ ၂၅ ခုက ၎င်းတို့၏ ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန် ကြေညာပေးခဲ့ပါသည်။

မြန်မာနိုင်ငံ၏ သဘာဝသယံဇာတတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများတွင် မည်သူက အကျိုးအမြတ် ရရှိနေသည်ကို ထုတ်ပြန်ရန် ဒုတိယအကြိမ် EITI အစီရင်ခံစာက နည်းလမ်းကောင်းတစ်ခုဖြစ်ပါသည်။ ကုမ္ပဏီများအနေဖြင့် ပိုင်ဆိုင်မှုထုတ်ပြန်ရာတွင် အစိုးရ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ရန် လိုအပ်သည်။

ပွင့်လင်းမြင်သာမှုမရှိသော လက်ရှိအခြေအနေကို ဆက်လက်ထိန်းသိမ်း ထားပါက အဂတိလိုက်စားမှု တိုက်ဖျက်ရန်၊ အစိုးရအပေါ် ယုံကြည်မှု တည်ဆောက်ရန်နှင့် တာဝန်သိ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ လာရောက်စေမည့် စီးပွားရေးဝန်းကျင် အခြေအနေကောင်းများ ဖန်တီးရန် အခွင့်အလမ်းများ ဆုံးရှုံးသွားလိမ့်မည်။ နောက်ကွယ် ပိုင်ဆိုင်မှုများကို ဖော်ထုတ်ရန် ကမ္ဘာတစ်ဝန်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်ရာ မြန်မာနိုင်ငံကလည်း မဖြစ်မနေ ပါဝင်ရပါမည်။

(ရန်ကုန်မြို့ရှိ Natural Resource Governance Institute (NRGI) မှ အကြီးတန်းအရာရှိတစ်ဦး ဖြစ်သူ ဒေါ်အေးကြည်သာဆွေ ရေးသားပေးပို့လာသည့် ဆောင်းပါးကို ဖော်ပြခြင်းဖြစ်သည်။ )