MEITI တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (SNU) များနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (NCS) တို့ Online အစည်းအဝေးများ ကျင်းပခဲ့

တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (SNU) များ၏ လက်ရှိလုပ်ငန်း ဆောင်ရွက်ချက်များ၊ အခက်အခဲများနှင့် တိုးတက်မှုအခြေအနေများအား ပိုမိုသိစေရန်အတွက် MEITI တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (SNU) တစ်ခုချင်းစီနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတို့ Online အစည်းအဝေးများ ကျင်းပခဲ့သည်။

ထိုသို့ ကျင်းပခဲ့ရာ၌ ၁၆-၇-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (SNU) နှင့်လည်းကောင်း၊ ၁၆-၇-၂၀၂၀ ရက်နေ့ နေ့လည်ပိုင်းတွင် တနင်္သာရီတိုင်း လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (SNU) နှင့်လည်းကောင်း၊ ၁၇-၇-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့နှင့်လည်းကောင်း၊ ၁၇-၇-၂၀၂၀ ရက်နေ့ နေ့လည်ပိုင်းတွင် ကချင်ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့နှင့်လည်းကောင်း Online အစည်းအဝေးများ အသီးသီးကျင်းပနိုင်ခဲ့သည်။

အစည်းအဝေးတွင် SNU တစ်ခုချင်းစီ၏ အကောင်အထည်ဖော်ဆောင်ပြီးစီးမှုနှင့် လက်ရှိလုပ်ငန်းစဥ်များ၊ လုပ်ငန်းအစီအစဥ်နှင့် ဘဏ္ဍာငွေခွဲဝေမှုအခြေအနေများ၊ စိန်ခေါ်မှု၊ အဟန့်အတားများ၊ SNU အတွင်း ဆက်သွယ်မှုနည်းလမ်း နှင့် အခြား SNU များနှင့်ချိတ်ဆက်ခြင်းအား အဓိကထား ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးကြရာတွင် SNU ၏ အစိုးရ၊ လုပ်ငန်းရှင်နှင့် အရပ်ဘက် ကဏ္ဍအလိုက် အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များက အလှည့်ကျဆွေးနွေးခဲ့ကြပြီး နာယကမှ သဘောထားအမြင်များ၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များလည်း ပြုခဲ့ကြသည်။

Online အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး SNU မှ နာယကဖြစ်သည့် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့် မကွေးတိုင်းဒေသကြီး SNU ၏ ကဏ္ဍစုံကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေသကြီး SNU မှ နာယကဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး နှင့် တနင်္သာရီတိုင်းဒေသကြီး ကဏ္ဍအလိုက် အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး SNU မှ နာယကဖြစ်သည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် ကဏ္ဍအလိုက် အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် SNU မှ နာယကဖြစ်သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီးလဆိုင်းနှင့် ကဏ္ဍအလိုက် အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (NCS) မှ တာဝန်ရှိသူများမှ သက်ဆိုင်ရာ Online အစည်းအဝေးသို့ တက်ရောက် ခဲ့ကြသည်။

၂၂-၇-၂၀၂၀ ရက်နေ့၌လည်း စစ်ကိုင်းတိုင်းဒေသကြီး SNU ၊ ရှမ်းပြည်နယ် SNU တို့နှင့် Online အစည်းအဝေးများ ဆက်လက်ညှိနှိုင်းကျင်းပသွားမည်ဖြစ်ပါသည်။