ဝါးစိမ်းတောင်မှာ သတ္တုတူးဖော်ခွင့်ပေးဖို့ ယန်စီကုမ္ပဏီ တင်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသမှာ တရုတ်နိုင်ငံ ယန်စီကုမ္ပဏီက သတ္တုကြော တစ်ခု ရှာဖွေတွေ့ရှိထားပြီး တူးဖော်ထုတ်လုပ်ခွင့်ရဖို့အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံ တင်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ဒီနေ့ ပြောပါတယ်။

အဲဒီဒေသမှာ သတ္တု ၄ မျိုးလောက်ထွက်ရှိတယ်လို့ သတင်းတွေထွက်နေပေမယ့် အခြားသတ္တု အနည်းငယ်သာ ပါဝင်ပြီး ကြေးနီသာအများစုဖြစ်တာကြောင့် ယန်စီကုမ္ပဏီက ကြေးနီထုတ်လုပ်ဖို့ ခွင့်ပြုချက်တင်ထားတာ ဖြစ် တယ်လို့ ဒေါက်တာသိန်းနိုင်က ပြောပါတယ်။

"ဒီကော့ပါး ဆာလဖိတ်ပဲ သူတို့ အဓိက ကြေးထုတ်ဖို့ပဲ အဓိက စမ်းသပ်တွေ့ရှိထားတယ်လို့ သူတို့ပြော တာပေါ့နော်။ သူတို့က အဆိုပြုချက်ကို ပြည်ထောင်စုကို တင်ထားတယ်လေ။ ပြည်ထောင်စုက ခွင့်ပြုမှာလေနော်။ ခွင့်ပြုချက်ရပြီဆိုလို့ရှိရင် အောက်ခြေအနေနဲ့ တိုင်းဒေသကြီးအစိုးရအနေနဲ့ သုံးသပ်ချက်ဆိုတာ ထွက်လာရမှာပေါ့ဗျာ။ အဲဒီအခါကျမှ တိုင်းဒေသကြီး အစိုးရက မြေပြင် ပကတိအနေအထားမှာ ပြဿနာ ဘယ်လောက်ရှိနိုင်လဲ။ ပြဿနာတွေ လျော့ပါးအောင် ဘယ်လောက်လုပ်မလဲ ဒါ ထောက်ခံချက်ပေးရမယ်လေနော်"

အဲဒီ ဝါးစိမ်းတောင်ဒေသဟာ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်၊ စံပယ်တောင်တွေနဲ့ ဆက်စပ်နေပေမယ့် ကြေးနီပါဝင်မှုနှုန်းဟာ အဲဒီတောင်တွေလောက် မများဘူးလို့ ပြောပါတယ်။

အဲဒီ သတ္တုကြောမှာ ရွှေပါ ပါဝင်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် ပမာဏအနည်းငယ်သာ ဖြစ်နိုင်တယ် လို့လည်း ဒေါက်တာသိန်းနိုင်က ပြောပါတယ်။

တရုတ်နိုင်ငံက ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပြီး စစ်ကိုင်း တိုင်းဒေသကြီးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ ထင်ရှားတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

အဲဒီ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး တရုတ်ကုမ္ပဏီနဲ့ ဒေသခံတွေကြား အငြင်းပွားမှုတွေဟာ ဒီကနေ့အထိ ရှိနေဆဲဖြစ်ပါတယ်။