EITI နှင့်ပတ်သက်၍ သိလိုသည်များအား အမေးအဖြေပုံစုံဖြင့် EITI ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်များအနက် သိကောင်းစရာအချို့အား ဖော်ပြလိုက်ပါသည်။

■ မေး – နိုင်ငံ့ခေါင်းဆောင်များသည် မူလက ပြည်သူတို့အသံနှင့် လိုအင်ဆန္ဒကို အလေးမထားဘဲ နေသည်ဆိုပါက ဤ EITI စံနှုန်း အစီအစဉ်ကို ကျင့်သုံးခြင်းဖြင့် အထောက်အကူ ဖြစ်စေပါသလား။

■ ဖြေ – နိုင်ငံတိုင်း၌ ပွင့်လင်းမြင်သာမှုသည် အရေးကြီးသည့် ကိစ္စတစ်ရပ်ဖြစ်သည်။ အထူးအားဖြင့် ပြည်သူ့အရေးကို တာဝန်မယူတတ်သော တာဝန်ရှိသူများအတွက် ပွင့်လင်းမြင်သာမှုသည် ပို၍ပင်အရေးကြီးသည်။ ယင်းသို့သော နိုင်ငံမျိုး၌ သဘာဝအရင်းအမြစ်များမှ ရရှိသောဝင်ငွေကို ပွင့်ပွင့်လင်းလင်း ချပြကြေညာခြင်းအားဖြင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု အလွဲအချော်တွေကို ပိုမိုသတိမူ သိရှိဆင်ခြင်လာနိုင်ကြမည် ဖြစ်၏။

■ မေး – ဝင်ငွေပွင့်လင်းမြင်သာမှုကို ပိုမိုမြင့်တက်လာစေရန် ကြိုးပမ်းခြင်းကိစ္စနှင့် EITI စံနှုန်း မည်သို့ကွာခြားပါသလဲ။

■ ဖြေ– EITI သည် ငွေကြေးကိန်းဂဏန်းများကို ထုတ်ပြန်ကြေညာရုံ အဖွဲ့တစ်ခုသက်သက် မဟုတ်ပေ။ EITI ကို အကောင်အထည်ဖော် ဆောင်နေသော နိုင်ငံများသည် ထိုနိုင်ငံရှိ သဘာဝအရင်းအမြစ်များအား အသုံးပြုပုံပြုနည်းနှင့်ပတ်သက်၍ သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့ (MSG – Multi Stakeholder Group) အကျေအလည်ဆွေးနွေးသည့် စင်မြင့်တစ်ခု ဖန်တီးထားရှိသည်။

EITI သည် ကုမ္ပဏီများက အစိုးရသို့ ပေးသွင်းသော ငွေကြေးပမာဏ (အခွန်ငွေ) ကို ထုတ်ပြန်ကြေညာခြင်းတစ်ခုတည်းနှင့် ပတ်သက်ရုံမျှမဟုတ်၊ ငွေကြေးမည်မျှ လက်ခံရရှိကြောင်းကို အစိုးရများက ထုတ်ပြန်ကြေညာရန်လည်း တာဝန်ယူရသည်။ ထို့ပြင် ကုမ္ပဏီများကထုတ်ပြန်သော ပေးဆောင်ပြီး ငွေကြေးပမာဏနှင့် အစိုးရက ထုတ်ပြန်သော လက်ခံရရှိသည့် ငွေကြေးပမာဏတို့အကြား ကွာဟချက်ရှိမည်ဆိုပါက ယင်းအား စေ့စပ်အဖြေရှာခြင်းဖြင့် စာရင်းဇယားကွာဟမှုနှင့် မသေချာ မတိကျမှုများကို ဖော်ထုတ်နိုင်မည် ဖြစ်သည့်ပြင် အရေးယူဖြေရှင်းခြင်း ပြုလုပ်ပေးသည်။

■ မေး – ‘သယံဇာတကျိန်စာ’ ဆိုသည်မှာ အဘယ်နည်း။

■ ဖြေ – ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုအရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံများသည် အဆိုပါအရင်းအမြစ်နည်းပါးသော နိုင်ငံတို့ထက် ဆင်းရဲမွဲတေသည့် ဝိရောဓိဆန်ဆန် ကျိန်စာမိနေသော အဖြစ်သနစ်။

■ မေး – EITI အဖွဲ့ဝင်အဖြစ် ဆိုင်းငံ့ထားသည် ဆိုခြင်းမှာ အဘယ်နည်း။

■ ဖြေ – EITI ပါ လုပ်ထုံးလုပ်နည်းအတိုင်း အကောင်အထည်ဖော်နေသော နိုင်ငံတစ်ခုသည် ယင်းစံနှုန်းအတိုင်း လေးစားလိုက်နာရန် ပျက်ကွက်ခဲ့လျှင် အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခံထားရခြင်းကို ဆိုလိုသည်။

■ မေး – EITI အစီရင်ခံစာဆိုသည်မှာ အဘယ်နည်း။

■ ဖြေ – EITI စံနှုန်းကို အကောင်အထည်ဖော် လုပ်ဆောင်နေသည့် နိုင်ငံများသည် မိမိတို့နိုင်ငံ၏ သဘာဝအရင်းအမြစ် ထုတ်နုတ်ခြင်းမှ ရရှိသည့် ငွေကြေးများအား ပွင့်လင်းစွာ ထုတ်ပြန်သော အစီရင်ခံစာမျိုး ဖြစ်သည်။ ကုမ္ပဏီများသည် အစိုးရသို့ပေးသွင်းသည့် အခွန်ငွေကဲ့သို့သော ငွေကြေးပမာဏကို အစီရင်ခံရပြီး အစိုးရကလည်း လက်ခံရရှိသော ငွေကြေးပမာဏကို အစီရင်ခံရခြင်း ဖြစ်သည်။ နှောင်ကြိုးမဲ့ အမှီအခိုကင်းသည့် စီမံခန့်ခွဲသူတစ်ဦးက ယင်းငွေကြေးကိန်းဂဏန်းများအား တိုက်ဆိုင်စစ်ဆေးပြီး EITI အစီရင်ခံစာကို ထုတ်ပြန်ရသည်။

■ မေး – သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (MSG) ဆိုသည်မှာ အဘယ်နည်း။

■ ဖြေ – MSG (Multi Stakeholder Group ) တစ်ရပ်တွင် အစိုးရ၊ ကုမ္ပဏီများနှင့် အရပ်ဘက်တို့မှ ကိုယ်စားလှယ်များပါဝင်သော အစုအဖွဲ့ပါဝင်သည်။ ယင်းကိုယ်စားလှယ်များသည် EITI လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် ကြီးကြပ်ကွပ်ကဲပေးကြသည်။

■ မေး – EITI ၏ ကောင်းကျိုးသက်ရောက်မှုကို ဖော်ပြပါ။

■ ဖြေ – ပြန်လည်ပြုပြင်ပြောင်းလဲရေးနှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတို့ကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သော EITI ၏ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုခံထားသည့် စံနှုန်းကြောင့် အခွန်ရရှိခြင်းအပိုင်း တိုးတက်မြင့်မားလာရုံမျှမက စီးပွားရေးကဏ္ဍ၏ တည်ငြိမ်မှုနှင့် အချင်းချင်း ယုံကြည်မှုတို့ကိုလည်း ပိုမိုခိုင်မာဖြစ်ထွန်းလာစေသည်။ ကုမ္ပဏီများအနေဖြင့် သာတူညီမျှ အခြေအနေတစ်ရပ်တွင် လုပ်ဆောင်ခွင့်ရသောကြောင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုအတွက် အားပေးသည့် ရာသီဥတုမျိုးကိုလည်း ဖန်တီးပေးရာရောက်သည်။

ဆောင်းပါးရေးသူ - တက္ကသိုလ် မိုးဝါ

မူရင်း - Daily Eleven (December 7, 2017, Thursday)

ဓာတ်ပုံ - အောင်ဟိန်းမင်း