သယံဇာတထုတ်ယူမှု ချင့်ချိန်စဉ်းစားသင့်ကြောင်း EITI အဖွဲ့ တိုက်တွန်း

မြန်မာနိုင်ငံမှာ ကျောက်မျက်၊ တွင်းထွက် စတဲ့သယံဇာတထုတ်ယူမှုကနေ နိုင်ငံအတွက် အခွန်ငွေရရှိမှုဟာ ၄ ရာခိုင်နှုန်းသာရှိပြီး တူးဖော်ထုတ်ယူမှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုနဲ့ လူမှုစီးပွားထိခိုက် နစ်နာမှုက အဆမတန် ပိုများတာကြောင့် ချင့်ချိန်စဉ်းစားသင့်တယ်လို့ မြန်မာနိုင်ငံ EITI အဖွဲ့က သတင်းထုတ်ပြန် ပါတယ်။

ရန်ကုန်မြို့ ဆူးလေရှန်ဂီလာဟိုတယ်မှာ ဒီနေ့ မနက်ပိုင်းကပြုလုပ်တဲ့ EITI အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ EITI အဖွဲ့ အရပ်ဖက်ကိုယ်စားလှယ်  မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဖက် မဟာမိတ်အဖွဲ့ MATA ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးထွန်းက ပြောပါတယ်။

"EITI စာရင်းဇယားတွေအရ ၆ နှစ်တာဝင်တဲ့ ဝင်ငွေက ဘာမှမဟုတ်သေးဘူး၊ ဖားကန့်မှာ လူတွေနေစရာ မရှိဘူး၊ ဘဝပျက်နေတယ်၊ မူးယစ်ဆေးဝါးဆိုလည်း တွင်တွင်ကျယ်ကျယ်ဖြစ်နေတယ်၊ တခြားသတ္တုကဏ္ဍမှာ လည်း ဒီလိုပဲ၊ လက်ပံတောင်းတို့ တကောင်းနီကယ်စက်ရုံတို့ နေ့တိုင်းထုတ်နေတာနဲ့အမျှ နိုင်ငံတော်က ခွဲတန်းမရတဲ့ဟာတွေ အများကြီးရှိတယ်၊ မြေပြင်မှာ ပြဿနာပေါင်းများစွာရှိတဲ့ဟာတွေ၊ သယံဇာတကဏ္ဍက ဝင်တဲ့ ဝင်ငွေရဲ့ ၄ ရာခိုင်နှုန်းပဲရှိတယ်၊ ဒါတွေရပ်လိုက်လို့လည်း ကျမတို့တိုင်းပြည်က ထူးပြီးတော့ဝင်ငွေလျော့ သွားမှာ မဟုတ်ဘူးပေါ့နော်"

မြန်မာနိုင်ငံ EITI အဖွဲ့အနေနဲ့ ၂ဝ၁၄- ၂ဝ၁၅ ခုနှစ်နဲ့ ၂ဝ၁၅- ၂ဝ၁၆ ခုနှစ်အတွက် ဒုတိယနဲ့ တတိယအကြိမ်မြောက် အစီရင်ခံစာထုတ်ပြန်တာဖြစ်ပါတယ်။

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကနေ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်ပေါင်း နှစ်သောင်းကျော်ချထားပြီး အဆမတန်များပြားတာကြောင့် အစိုးရအနေနဲ့ ထိထိရောက်ရောက် ကြီးကြပ်နိုင်တာမရှိတဲ့အပြင် အခွန်အခတွေကိုလည်း အပြည့်အဝ မကောက်ခံနိုင်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကျောက်စိမ်းတွင်းတွေကနေ ၂ဝ၁၄-၂ဝ၁၅ခုနှစ်မှာ တန်ချိန်တစ်သောင်းခုနှစ်ထောင်နီးပါးနဲ့ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာ တန်ချိန် သုံးသောင်းခြောက်ထောင်အထိ ထုတ်ယူနိုင်ခဲ့တယ်လို့ မြန်မာကျောက်မျက်ရတနာလုပ်ငန်းက ပေးတဲ့ စာရင်းအရ ဖော်ပြထားပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်က သယံဇာတတူးဖော်ရေးလုပ်ငန်းတွေရဲ့ အဓိကနေရာအားလုံးမှာ ရယူထားပြီး ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာ အစိုးရကို  အခွန်ကျပ်သိန်း ၁၃ဝဝ ကျော်ပေးသွင်းထားပေမယ့် ပိုင်ဆိုင်မှုတွေရဲ့ ဝင်ငွေတွေချပြတာ မရှိသေးဘူးလို့ EITI အစီရင်ခံစာအရ သိရပါတယ်။

သယံဇာတထုတ်ယူမှုအဆင့်ကနေ ရောင်းချတင်ပို့တဲ့ အဆင့်အထိ လုပ်ငန်းစဉ်တစ်လျှောက်မှာ လွဲမှားတဲ့စီမံ အုပ်ချုပ်မှုကြောင့် အကျင့်ပျက်ခြစားမှုနဲ့ နိုင်ငံဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု ပမာဏ ကြီးမားစွာဖြစ်ပေါ်နေ တယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒါ့အပြင် လိုင်စင်ချထားပေးတာ၊ အခွန်ကောက်ခံတာ၊ အစိုးရနဲ့ ကုမ္ပဏီကြား အကျိုးတူ စာချုပ်ချုပ်ဆိုမှုတာ ၊ကြီးကြပ်စစ်ဆေးမှုတွေ ၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေမှာ အားနည်းချက်တွေတွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။