မကွေးတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း အလုပ်ရုံဆွေးနွေးပွဲ

2018-11-29

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Sub-national Coordination Unit - SNU) ဖွဲ့စည်းခြင်း အလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ထိန်ထိန်သာဟိုတယ် (၁) ၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ကျင်းပခဲ့ သည်။ 

အလုပ်ရုံဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များကိုယ်စားပြု ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီးမှ အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စားပြု ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ကိုယ်စားလှယ်များ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့် EITI ဌာနခွဲ) နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးတာဝန်ရှိသူများက EITI အကြောင်းမိတ်ဆက်တင်ပြခြင်း၊ မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုအား ရှင်းလင်းတင်ပြခြင်း၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု (Beneficial Ownership – BO) အကြောင်းမိတ်ဆက်တင်ပြခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့၏ လုပ်ငန်းလမ်းညွှန် (ToR) အား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကဏ္ဍအလိုက်ကိုယ်စားလှယ်များမှ ကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့သည်။ တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များမှ မကွေးတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် ကဏ္ဍအလိုက်အမည်စာရင်းများ အဆိုပြု၍ ညှိနှိုင်းအတည်ပြုခြင်း နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲအား အောင်မြင်စွာ ကျင်းပခဲ့သည်။