ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2018-09-11

ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ရန်ကုန်မြို့၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် မနက် (၁၀) နာရီမှ မွန်းလွဲ (၃) နာရီအထိ ကျင်းပခဲ့သည်။

အဆိုပါ ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ်) ရေးဆွဲရန်အတွက် လွတ်လပ်သော စာရင်း တိုက်ဆိုင် စစ်ဆေးသူအဖြစ် ဆောင်ရွက်ရန် ကနဦးရွေးချယ်ထားသည့် အကြံပေးပညာရှင်အဖွဲ့ (Consulting firm) မှ ပြန်လည်ဖြည့်စွက် တင်သွင်းလာသည့် နည်းပညာ နှင့် ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွှာများ အား ဆွေးနွေးသုံးသပ်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီဝင်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပထမဦးစွာ ညှိနှိုင်းရေးမှူးရုံးမှ စီမံကိန်းမန်နေဂျာက လုပ်ငန်းအစီအစဉ်နှင့် ဘက်ဂျက်၏ နောက်ဆုံးအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး နည်းပညာတာဝန်ခံက နည်းပညာ အဆိုပြုလွှာ၊ ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွှာ၏ အဓိကကောက်နှုတ်ချက်များအား ဆွေးနွေး တင်ပြခဲ့သည်။ ရွေးချယ်ရေး လုပ်ငန်းခွဲကော်မတီဝင်များနှင့် အစည်းအဝေးတက်ရောက်သူများက ဆွေးနွေးသုံးသပ်ခဲ့ကာ အကြံပြုချက်များနှင့် အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ ထို့နောက် မွန်းလွဲ (၃) နာရီတွင် အစည်းအဝေးအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။