နည်းပညာနှင့်အစီရင်ခံစာ လုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2018-08-30 to 2018-09-03

မြန်မာနိုင်ငံ EITI နည်းပညာနှင့်အစီရင်ခံစာ လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (MEITI-NCS) ၌ ကျင်းပခဲ့သည်။

အဆိုပါ နည်းပညာနှင့် အစီရင်ခံစာ လုပ်ငန်းခွဲကော်မတီအစည်းအဝေးအား မြန်မာနိုင်ငံ EITI သစ်တောကဏ္ဍအစီရင်ခံစာများ (၂၀၁၄-၁၅ နှင့် ၂၀၁၅-၁၆ ခု၊ ဘဏ္ဍာနှစ်) ၏ တိုးတက်မှုအခြေအနေများ၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေး (Beneficial Ownership) နှင့် ပတ်သက်၍ လုပ်ငန်းအကောင်အထည်ဖော်တိုးတက်မှုအခြေအနများ၊ Mining Cadaster အကြံပေးက တင်ပြလာသည့် အပြီးသတ်အစီရင်ခံစာနှင့်ပတ်သက်သည့် တိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံ EITI ညီလာခံ ကျင်းပမည့် အစီအစဉ်များ အား ဆွေးနွေးသုံးသပ်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

အစည်းအဝေးတွင် ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများက ကဏ္ဍအလိုက်  ဆွေးနွေးတင်ပြခဲ့ပြီး  ကော်မတီဝင်များနှင့် လေ့လာသူများမှလည်းဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် မြန်မာနိုင်ငံ EITI ညီလာခံအား နိုင်ငံအဆင့် ညီလာခံအဖြစ်  ရန်ကုန်တွင် ကျင်းပရန်နှင့် ဖိတ်ကြားမည့် အဖွဲ့အစည်းများအား သတ်မှတ်ခြင်း၊ ညီလာခံ၏ အဓိကရည်ရွယ်ချက်များအား မူကြမ်း အဆင့် လျာထားသတ်မှတ်ခြင်း၊ အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု ဖော်ဆောင်ရေးလုပ်ငန်း အဖွဲ့တွင်  ကျောက်မျက်ကဏ္ဍနှင့် သစ်တောကဏ္ဍတို့မှ ကိုယ်စားပြု တစ်ဦးစီ နှင့် အရန်ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်နိုင်ရန်အတွက် (၁၆) ကြိမ်မြောက် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစည်းအဝေးတွင် တင်ပြရန် ကိစ္စရပ်များအပါအဝင် အစည်းအဝေး ဆုံးဖြတ်ချက်များ ချမှတ်၍ အစည်းအဝေးအား ညနေ (၅) နာရီတွင် ရပ်နားခဲ့သည်။