ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးကျင်းပ

2018-08-29 to 2018-09-03

မြန်မာနိုင်ငံ EITI ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (MEITI-NCS) ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ ရွေးချယ်ရေးလုပ်ငန်းခွဲကော်မတီအစည်းအဝေးအား စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (၂၀၁၆-၁၇ ခု၊ ဘဏ္ဍာနှစ်) ရေးဆွဲရန်အတွက် လွတ်လပ်သော စာရင်း တိုက်ဆိုင်စစ်ဆေးသူအဖြစ် ဆောင်ရွက်ရန် ကနဦးရွေးချယ်ထားသော အကြံပေးပညာရှင်အဖွဲ့ (Consulting firm) မှ တင်သွင်းလာသည့် နည်းပညာ နှင့်  ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွှာများ အား ဆွေးနွေးသုံးသပ်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။



အစည်းအဝေးတွင် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ်အတွက် သတ်မှတ်ရေးဆွဲထားသည့် လွတ်လပ်သောစာရင်းတိုက်ဆိုင်သူ၏ လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံ EITI လုပ်ငန်းနယ်ပယ်များ နှင့် PwC မှ တင်ပြလာသည့် နည်းပညာ နှင့်  ဘဏ္ဍာရေးဆိုင်ရာ အဆိုပြုလွှာများတွင် ပါဝင်သည့် အချက်အလက်များ နှိုင်းယှဉ်သုံးသပ်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် အချိန်ဇယားနှင့် လုပ်ငန်းအစီအစဉ်များအား ဆွေးနွေးသုံးသပ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် နည်းပညာနှင့်ဘဏ္ဍာရေး အဆို ပြုလွှာတင်ပြခဲ့သည့် PwC အား နည်းပညာနှင့်ဘဏ္ဍာရေး အဆိုပြုလွှာများတွင် ဖော်ပြပါဝင်သည့် အချက်အလက်များမှ မရှင်းလင်းသည့် အချက်များအား ပြန်လည် ရှင်းလင်းပေးရန်အတွက်  ချိတ်ဆက်မေးမြန်းရန် ဆုံးဖြတ်ချက်အပါအဝင် ဆုံးဖြတ် ချက်များ ချမှတ်၍ အစည်းအဝေးအား မွန်းတည့် (၁၂) နာရီတွင် ရပ်နားခဲ့သည်။