(၂၇) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးအား Video Conference ဖြင့် ကျင်းပ

2020-03-23

(၂၇) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၃) ရက်နေ့၌ Video Conference ဖြင့် ကျင်းပခဲ့သည်။

 

အဆိုပါအစည်းအဝေးအား Independent Administrator မှ တင်ပြလာသည့်  (၅) ကြိမ်မြောက် MEITI အစီရင်ခံစာ အပြီးသတ်မူကြမ်း (Pre-final Reportအား အသေးစိတ်ဆွေးနွေးရန်၊ (၆) ကြိမ်မြောက် MEITI အစီရင်ခံစာထုတ်ပြန်ရန် ဘတ်ဂျက်နှင့် Annual Progress Report Workshop ကျင်းပရန် ဘတ်ဂျက် အပါအဝင် ရှေ့လုပ်ငန်းစဉ်များအတွက် ဘတ်ဂျက်နှင့်ပတ်သက်၍ ဆွေးနွေးရန် စသည့်ရည်ရွယ်ချက်များဖြင့် ရည်ရွယ်၍ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့  ဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သည့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစိုးရကဏ္ဍ ကိုယ်စားလှယ်များ၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (SEE ဌာနခွဲ) ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ ဌာနအကြီးအကဲများနှင့်တာဝန်ရှိသူများက ရုံးအမှတ် (၂၆) ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနတွင် လည်းကောင်း၊ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့  ဒုတိယဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး ဦးဆောင်သည့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစိုးရကဏ္ဍ ကိုယ်စားလှယ်များ၊ သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းတို့မှ ဌာနအကြီးအကဲများနှင့်တာဝန်ရှိသူများက ရုံးအမှတ် (၁၉) ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အစိုးရကဏ္ဍကိုယ်စားလှယ်များနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံရေးဦးစီးဌာနနှင့် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းတို့မှ ဌာနတာဝန်ရှိသူများက ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံရေးဦးစီးဌာနရုံး၊ နေပြည်တော်တွင်လည်းကောင်း ပူးပေါင်းတက်ရောက်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံ EITI  ညှိနှိုင်းရေးမှူး ဦးစိုးဝင်း ဦးဆောင်၍ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ လုပ်ငန်းရှင်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (NCS) တာဝန်ရှိသူများက  NCS ရုံး၊ ရန်ကုန်တွင်လည်းကောင်း၊ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ အရပ်ဘက်ကဏ္ဍကိုယ်စားလှယ်များက မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA)  ရုံး၊ ရန်ကုန်မှ လည်းကောင်း၊ သုံးပွင့်ဆိုင်ညွန့်‌ပေါင်းအဖွဲ့ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများကလည်း  Online  မှတစ်ဆင့် အသီးသီး ပူးပေါင်းပါဝင်တက်ရောက်ခဲ့ကြသည်။

 

အစည်းအဝေး၌ Pre-final Report အပေါ် သက်ဆိုင်ရာဌာနများမှ  သဘောထားမှတ်ချက်များအား ၂၄-၃-၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန်ကြားရန်ဆုံးဖြတ်ချက်အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၂၂) ချက်အား ဆွေးနွေးချမှတ်ခဲ့သည်။