မြန်မာနိုင်ငံ တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (Extractive Industries Transparency Initiative - EITI) ဦးဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၁) ကျင်းပခြင်း

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (Extractive Industries Transparency Initiative -EITI) ဦးဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၁) ကို (၁၀-၆-၂၀၂၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ဦးဆောင်ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ EITI ညှိနှိုင်းရေးမှူးရုံးတာဝန်ခံ  ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များကို ၂၀၁၂ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာ EITI စံနှုန်းများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် ရပ်တည်နေပြီး အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးက ပထမအကြိမ် ဆန်းစစ်အကဲဖြတ်ရာတွင် အဓိပ္ပါယ်ပြည့်ဝသောတိုးတက်မှု (Meaningful Progress) အဆင့်ကို ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်နိုင်ငံအဖြစ် ရောက်ရှိရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ EITI အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌနှင့် အစည်းအဝေးတက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများက ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် ဝိုင်းဝန်းအကြံပြု သုံးသပ်ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်