Follow up meeting for Mining Decentralization

2020-01-29

“ဓါတ်သတ္တုကဏ္ဍ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း - အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ”ရလဒ်များနှင့်ပတ်သက်သော ညှိနှိုင်းအစည်းအဝေး  ကျင်းပ


“ဓါတ်သတ္တုကဏ္ဍ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း - အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ”ရလဒ်များနှင့်ပတ်သက်သော ညှိနှိုင်းအစည်းအဝေး အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၉)၊ နေပြည်တော်တွင် ကျင်းပခဲ့သည်။

ညှိနှိုင်းအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့်  ဌာနအကြီးအကဲများ၊ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်း၊  မြန်မာနိုင်ငံ EITI  သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ မြန်မာနိုင်ငံ EITI  သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များ၊  တိုင်းဒေသကြီး/ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ စီမံကိန်းမန်နေဂျာ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အဆိုပါညှိနှိုင်းအစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၃-၂၄) ရက်နေ့ တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် “ဓါတ်သတ္တုကဏ္ဍ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်း - အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ” ၏ ထွက်ပေါ်လာသည့်ရလဒ်များအပေါ် အခြေခံ၍ ရေတိုနှင့်ရေရှည်အစီအစဉ်များ ချမှတ် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်းသိရသည်။