မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်ရန် ယာယီအစီအစဉ်နှင့် စုဖွဲ့မှုပုံစံအသစ်ရှာဖွေဖော် ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

2020-01-21 to 2020-01-29

မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်ရန် ယာယီအစီအစဉ်နှင့်စုဖွဲ့မှုပုံစံအသစ်ရှာဖွေ ဖော်ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့၌ နေပြည်တော်ရှိ Amara Hotel တွင် ကျင်းပခဲ့သည်။

၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ (၉) ရက်နေ့ တွင်ကျင်းပသော မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်အတွက် ဘဏ္ဍာငွေကူညီထောက်ပံ့ပေးမည့်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Donor Consultation Group) ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စုဖွဲ့မှုပုံစံအသစ်ရှာဖွေ ဖော်ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ (၁၇) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပရန် ဆုံးဖြတ်ခဲ့ပါသည်။

အဆိုပါဆုံးဖြတ်ချက်အရ အလုပ်ရုံဆွေးနွေးပွဲအား စီစဉ်ကျင်းပခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲမှ မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရန် သင့်လျော်သော စုဖွဲ့မှုပုံစံ အသစ်ကို ဖော်ထုတ်ရန်နှင့် ဦးစားပေး ဆောင်ရွက်ရန်လုပ်ငန်းစဉ်များအတွက် ယာယီအစီအစဉ်များအား ဆွေးနွေးရွေးချယ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌဖြစ်သည့် စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊  မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်လတ်ကြီး၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ အစိုးရ၊ လုပ်ငန်းရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ်များ၊ အကျိုးအမြတ်ရရှိ ပိုင်ဆိုင်မှုဖော်ဆောင်ရေးလုပ်ငန်း အဖွဲ့မှ ကိုယ်စားလှယ်များ၊ လုပ်ငန်းအစီအစဉ်နှင့်စီမံအုပ်ချုပ်မှုလုပ်ငန်းခွဲကော်မတီမှ ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့် EITI ဌာနခွဲ) မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စုဖွဲ့မှုပုံစံအသစ် (၂) ခုအား ဆွေးနွေးဆုံးဖြတ်ခြင်း၊ အဆိုပါစုဖွဲ့မှုပုံစံအသစ်များအတွက် အကောင်အထည်ဖော်နိုင်ရန်လုပ်ငန်းစဉ် များ၊ ဦးစားပေးဆောင်ရွက်ရမည့် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များအတွက် ဆောင်ရွက်ရန်အစီအစဉ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။