24th Multi-stakeholder Groups Meeting (Nov 8, Yangon)

2019-11-08

(၂၄) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေး ကျင်းပ


မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၂၄) ကြိမ်မြောက်အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ရန်ကုန်ရှိ Rose Garden Hotel  တွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အစိုးရကဏ္ဍကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင် ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများကဏ္ဍကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (SNUs) ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးမူဝါဒ၊ မဟာဗျူဟာနှင့် EITI ဌာနခွဲမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်နှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ညှိနှိုင်းရေးမှူးရုံးမှတာဝန်ရှိသူများနှင့် အခြားလေ့လာသူများ တက်ရောက်ခဲ့သည်။

အစည်းအဝေး၌ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် လာရောက်ခဲ့သည့် ပဉ္စမအကြိမ်မြောက်အစီရင်ခံစာ၏ IA ခရီးစဉ် နှင့် အစီရင်ခံစာအတွက် အချက်အလက်များ တောင်းခံရရှိမှု အခြေအနေများ၊ ဆဋ္ဌမနှင့်သတ္တမအကြိမ်အစီရင်ခံစာ ကိစ္စရပ်နှင့်ပတ်သက်၍ Technical and Reporting sub-committee မှ ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ နောက်ဆုံးအခြေအနေများ၊   Cost – extension နှင့် Budget ကို ပြန်လည်ခွဲဝေနေရာ ကိစ္စရပ်များ၊ ရန်ပုံငွေရှာဖွေရေးကိစ္စရပ်များ၊ Extractive Sector SOEs Reform 2nd workshop နှင့် Contract Transparency Awareness Training များနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ မြန်မာနိုင်ငံ EITI လုပ်ငန်းအစီအစဉ် (Work Plan) နောက်ဆုံး အခြေအနေများ၊ အကဲဖြတ်ဆန်းစစ်အတည်ပြုခြင်း (validation) နှင့် ပတ်သက်၍ ပြုပြင်ဆောင်ရွက်ရမည့် Corrective action များ အကောင်အထည်ဖော်ရန် အခြေအနေများ၊ မြန်မာနိုင်ငံ EITI အစုအဖွဲ့ အကောင်အထည်ဖော်ဆောင်မှုနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်အချက်များ၊  Mining Cadastre  ဆိုင်ရာ နောက်ဆုံးအခြေအနေများ၊ Beneficial Ownership နှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေများ၊ စတုတ္ထအကြိမ်အစီရင်ခံစာထုတ်ပြန်ကြေညာရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (SNUs)  နှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ အကြောင်း  စသည်တို့ကို ဆွေးနွေးခဲ့သည်။ 

ထို့အပြင် ဆဋ္ဌမနှင့်သတ္တမအကြိမ်အစီရင်ခံစာအား ပေါင်း၍ ထုတ်ပြန်ရန် အပါအဝင် အစည်းအဝေး ဆုံးဖြတ်ချက် (၁၁) ချက် ဆွေးနွေးချမှတ်ခဲ့သည်။ 

မြန်မာနိုင်ငံ EITI အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ နိုင်ငံတကာ EITI ဘုတ်အဖွဲ့၏ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့၌ ကျင်းပခဲ့သည့် (၄၅) ကြိမ်မြောက် ဘုတ်အဖွဲ့အစည်းအဝေးက အဓိပ္ပါယ်ရှိသောတိုးတက်မှုအဖြစ် သတ်မှတ်ဆုံးဖြတ်ခဲ့သည်။