Myanmar EITI MSG clarify 4th MEITI Report Findings and Recommendations to ACC officials

2019-08-08

မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်နှင့် စတုတ္ထအကြိမ်မြောက် EITI အစီရင်ခံစာ (၂၀၁၆-၂၀၁၇) ပါ တွေ့ရှိချက်များ အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းခြင်းအခမ်းအနားအား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့၌ နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင်  ပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဌာနများမှ တာဝန်ရှိ သူများ၊ မြန်မာနို်င်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ  ပြည်ထောင်စုအစိုးရဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ အစိုးရကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

အခမ်းအနား၌ ကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ရာ ကမ္ဘာလုံး ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်၊ အာဂျင်ဒါ ၂၀၃၀ မှာ ဖော်ပြခဲ့သည့်အတိုင်း လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ လူမှု၊စီးပွားရေးဘဝ ရေရှည်ဖွွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့နှင့်သက်ဆိုင်သည့် သဘာဝ သယံဇာတများကို ရေရှည်တည်တံ့ခိုင်မြဲသော နည်းလမ်းဖြင့် စီမံခန့်ခွဲနိုင်မှုအပေါ် မူတည်ပါကြောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ခိုင်မြဲစွာကျင့်သုံးနိုင်ခြင်းရှိမှလည်း သယံဇာတများကို တစ်နိုင်ငံလုံးနှင့်ဆိုင်သော အမျိုးသားပိုင်ဆိုင်မှု အနှစ်သာရအစစ်အမှန်အဖြစ် ပေါ်ထွန်းလာစေမှာ ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် MEITI ၏ လုပ်ငန်းရည်ရွယ်ချက်များကို တန်ဖိုးထားပါကြောင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များဖြင့် ပြဋ္ဌာန်းထားချက်များသည် လက်တွေ့ အမှန်တကယ် လိုက်နာကျင့်သုံးဖော်ဆောင်မှုများနှင့် ကွာဟချက် ကျယ်ပြန့်စွာရှိနေသည်ကို MEITI မှ နှစ်စဉ် ထောက်ပြလာခဲ့သည်မှာ ယခုအခါ ၂၀၁၆-၂၀၁၇ ကာလအထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ယခုလို ကွာဟချက်များ ဖြစ်ပေါ်လာရခြင်းသည် အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည် အကန့်အသတ်ရှိနေခြင်းကြောင့်ဖြစ်နိုင်သလို အဂတိလိုက်စားမှုများကို ကောင်းစွာထိန်းချုပ်နိုင်ခြင်း မရှိသည့်အတွက်ကြောင့်လည်း ဖြစ်နိုင်သည်ကို တာဝန်ရှိသူများက အလေးအနက်ထားနိုင်မှသာ အများပြည်သူ အကျိုးစီးပွားအတွက် မှန်ကန်ကောင်းမွန်သော ကိုင်တွယ်ဖြေရှင်းနည်းအစစ်အမှန် တစ်ရပ်ကို မိမိတို့ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ လုပ်ငန်းစဉ်များနှင့် စတုတ္ထအကြိမ် အစီရင်ခံစာ အကျဉ်းချုပ်တို့ကို မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ နည်းပညာကျွမ်းကျင်သူ ဦးထွန်းပေါ်ဦးက  လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းမှ ကျွမ်းကျင်သူဦးသန်းဌေးအောင်က လည်းကောင်း၊ ကျောက်မျက် ကျောက်စိမ်းကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးမင်းသူက လည်းကောင်း၊  သတ္တုကဏ္ဍ နှင့်စပ်လျဉ်း၍ သတ္တုတွင်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်က လည်းကောင်း၊ ပုလဲကဏ္ဍ နှင့်စပ်လျဉ်း၍ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးတင်ဝင်းကိုက လည်းကောင်း၊ စာရင်းဇယားများဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါသည်။

Myanmar Extractive Industries Transparency Initiative (MEITI) လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မူမူစော၊ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဒုတိယဉက္ကဋ္ဌ ဦးဇော်ဘိုခန့်၊ Total E&P Myanmar မှ Head of Contractual & Commercial Support ဦးဝင်းတင်၊ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ Executive Director ဦးဝင်းမျိုးသူနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်း တို့က ဖြည့်စွက် ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

Reference : ACC Myanmar