2019 EITI Global Conference အား (၈) ကြိမ်မြောက်အဖြစ် ပဲရစ်မြို့၊ OECD ညီလာခံစင်တာ၌ ၂၀၁၉ ခုနှစ်၊ ကျင်းပခဲ့သည်။

2019-06-20

2019 EITI Global Conference ကျင်းပပြီးစီး

2019 EITI Global Conference အား (၈) ကြိမ်မြောက်အဖြစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊ OECD ညီလာခံစင်တာ၌ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပခဲ့သည်။

အဆိုပါညီလာခံသို့ မြန်မာနိုင်ငံ EITI ဦးဆောင်ကော်မတီအဖွဲ့ဝင် သယံဇာတနှင့်သဘာဝ ပတ်ဝန််းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်၍ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ အစိုးရ၊ ပုဂ္ဂလိကနှင့် အရပ်ဘက်ကိုယ်စားလှယ်၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး နှင့်တာဝန်ရှိသူများပါဝင်၍ နိုင်ငံကိုယ်စားပြုတက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ EITI အနေဖြင့် အဆိုပါညီလာခံ၏ National Innovation Exchange တွင်လည်း မြန်မာနိုင်ငံ၏ EITI အကောင်အထည်ဖော်မှုရလဒ်များအား ဝင်ရောက် ပြသခဲ့သည်။

ညီလာခံ၏ ပထမရက်နေ့၌ International EITI အဖွဲ့၏ဥက္ကဋ္ဌဟောင်း Mr. Fredrik Reinfeldt နှင့် နိုင်ငံတကာအတွင်းရေးမှူးရုံးတာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့မှ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့သည်။

ဒုတိယနေ့၌ ပြည်ထောင်စုဝန််ကြီးနှင့်အဖွဲ့သည် အင်ဒိုနီးရှားနီးရှားနိုင်ငံ စွမ်းအင်နှင့်သတ္တုသယံဇာတ များဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Professor AkhmadSyakhroza  ဦးဆောင်သော အင်ဒိုနီးရှားနိုင်ငံ EITI အဖွဲ့ နှင့် NRGI ၏ ဥက္ကဋ္ဌ Mr.Daniel Kaufmann ဦးဆောင်သောအဖွဲ့တို့အား သီးခြားစီ တွေ့ဆုံခဲ့ပြီး တွင်းထွက်သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ လိုအပ်သည့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ အတွေ့အကြုံများမျှဝေခြင်း၊ အင်ဒိုနီးရှားနိုင်ငံ၏ Validation အတွေ့အကြုံများနှင့်အကြံပြုချက်များအား မျှဝေဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

ထို့နောက် EITI Stakeholder Forum တွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ မြန်မာနိုင်ငံအစိုးရ အနေဖြင့် EITI လုပ်ငန်းစဉ်မျာအား နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်ချက်များ၊ ဆက်လက်  ဆောင်ရွက်မည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့့သည်။

မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခဲ့သည့် ကဏ္ဍအလိုက်ကိုယ်စားလှယ်များကလည်း သက်ဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိကနှင့် အရပ်ဘက်အဖွဲ့အစည်းများနှင့်  သီးခြားစီတွေ့ဆုံ  ဆွေးနွေး မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါညီလာခံ၌  ၂၀၁၉ EITI စံနှုန်းအား ၄၃ ကြိမ်မြောက်ဘုတ်အဖွဲ့အစည်းအဝေးကျင်းပ၍ အတည်ပြုခဲ့ခြင်း နှင့် ညီလာခံပထမနေ့ရက်၌ ထုတ်ပြန်ကြေညာခဲ့ခြင်း၊ EITI ဥက္ကဋ္ဌသစ်အား ရွေးချယ် အတည်ပြုခဲ့ခြင်း၊ EITI ဘုတ်အဖွဲ့အသစ်ရွေးချယ်အတည်ပြုခဲ့ခြင်းနှင့် ဘုတ်အဖွဲ့အသစ်သို့ လုပ်ငန်း တာဝန်များ လွှဲပြောင်းခဲ့မှုများလည်း ဆောင်ရွက်ခဲ့သည်ဟု သိရှိရသည်။

ညီလာခံသို့ EITI နိုင်ငံ (၅၂) နိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၀၀) ကျော်မှ EITI ဆက်စပ်ပတ်သက်သူများနှင့် လေ့လာသူများ (၁၀၀၀) ကျော်တက်ရောက်ခဲ့ကြောင်းလည်း သိရှိရသည်။