မန္တလေးမြို့၌ ဒုတိယနှင့်တတိယအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာများဆိုင်ရာ လူထုဆွေးနွေးပွဲကျင်းပ

2019-01-11

ဒုတိယနှင့်တတိယအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာများဆိုင်ရာ လူထုဆွေးနွေးပွဲအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့၌ မန္တလေးမြို့၊ Hotel Marvel တွင် နေ့လည် (၁) နာရီမှ ညနေ (၄) နာရီအထိ ကျင်းပခဲ့ပါသည်။

ဒုတိယအကြိမ် (၂၀၁၄ - ၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်) နှင့် တတိယအကြိမ် (၂၀၁၅ - ၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်) အစီရင်ခံစာများအား ၂၀၁၈ ခုနှစ်၊ မတ်လ၌ ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာများတွင် မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တု၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲကဏ္ဍများအား လွှမ်းခြုံသည့် အခွန်ဘဏ္ဍာနှင့် အခြားအချက်အလက်များပါဝင်ပါသည်။ EITI စံသတ်မှတ်ချက်အရ EITI အစီရင်ခံစာများအား ပြည်သူ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးရန်နှင့် အဆိုပါအစီရင်ခံစာများနှင့်ပတ်သက်၍ လူထုဆွေးနွေးပွဲ များ ကျင်းပရန်လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်နှင့် အစီရင်ခံစာများပါ အချက်အလက် များအပေါ် ပြည်သူလူထုက အပြန်အလှန် မေးမြန်းဆွေးနွေးနိုင်ရန် ရည်ရွယ်ကာ ဤလူထုဆွေးနွေးပွဲအား ကျင်းပခဲ့သည်။ 

အဆိုပါအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးနှင့်ရုံးအဖွဲ့၊ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးလုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ မန္တလေးတိုင်းဒေသကြီးရှိ လုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်များ၊ နိုင်ငံရေးပါတီများ၊ လေ့လာသူများနှင့် သတင်းမီဒီယာများအပါအဝင် (၁၁၀) ဦးကျော် တက်ရောက်ခဲ့သည်။

ပထမဦးစွာ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဝင်များက ကဏ္ဍအလိုက် အစီရင်ခံစာပါ အချက်အလက်များ အားလည်း ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်များအား ဆက်လက် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဆွေးနွေးခြင်းနှင့် အမေး၊ အဖြေကဏ္ဍတွင် ဆွေးနွေးသူများအဖြစ်  ကဏ္ဍ အလိုက် သက်ဆိုင်ရာအစိုးရကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကိုယ်စားလှယ်များ ပါဝင်ခဲ့သည့်အပြင် အရပ်ဘက် အဖွဲ့အစည်းများကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦး လည်း ပါဝင်ခဲ့သည်။ 

အဆိုပါ လူထုဆွေးနွေးပွဲတွင် သတ္တုကဏ္ဍအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းမှကျွမ်းကျင်သူ ဦးသန်းဌေးအောင်၊  မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးခင်မောင်ဟန်နှင့် မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့၊ ဗဟိုအလုပ် အမှုဆောင် ဒေါ်မိုးမိုးထွန်းတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၊ စီမံကိန်းမန်နေဂျာ ဦးကျော်သူရက ပါဝင်ဆွေးနွေးပံ့ပိုးခဲ့သည်။  ဦးဆောင်ဆွေးနွေးသူများနှင့် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေး ပြီးနောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးမှ ကျေးဇူးတင်စကား ပြောကြားအပြီးတွင် လူထုဆွေးနွေးပွဲအား  အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုအားကြည့်ရှုရန်…

https://www.facebook.com/MyanmarEITI/videos/1075694025945148/

https://www.facebook.com/MyanmarEITI/videos/716641432069541/

https://www.facebook.com/MyanmarEITI/videos/2034746783287831/

https://www.facebook.com/MyanmarEITI/videos/2266353006977072/