၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI အစီရင်ခံစာများ ထုတ်ပြန်ကြေညာခြင်းအခမ်းအနားကျင်းပ ပြီးစီး

2018-11-19

၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ EITI အစီရင်ခံစာများ ထုတ်ပြန်ကြေညာခြင်းအခမ်းအနားအား ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ မနက် (၁ဝးဝ၀) နာရီမှ မွန်းလွဲ (၁၂း၃၀) အထိ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစီရင်ခံစာများ ထုတ်ပြန််ကြေညာခြင်းအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းခွဲကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနများမှ အစိုးရဌာနတာဝန်ရှိသူများ၊ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးမှ အမှုဆောင်ဒါရိုက်တာ (ယာယီ) Mr.Eddie Rich၊ ငွေကြေးထောက်ပံ့သည့် အဖွဲ့အစည်းများဖြစ်သည့် DFID၊ DFAT၊ ကမ္ဘာ့ဘဏ်နှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၊ နိုင်ငံတာနှင့်ဒေသတွင်းအဖွဲ့အစည်းများ၊ သံရုံးများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် ကုမ္ပဏီများမှ လုုပ်ငန်းရှင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးနှင့်တာဝန်ရှိ သူများနှင့်အခြားသောလေ့လာသူများအပါအဝင် တက်ရောက်သူ (၂၀၀) ကျော် ပူးပေါင်းပါဝင်ခဲ့သည်။

 

 

အခမ်းအနားတွင် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာ စကားပြောကြားခြင်း၊ မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်အား ငွေကြေးပံ့ပိုးနေသည့် အဖွဲ့အစည်းများ ကိုယ်စား Department for International Development (DFID), Myanmar  မှ Senior Economist & Inclusive Growth Team Leader ဖြစ်သူ Mr. Thomas Coward က နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ နိုင်ငံတကာ EITI အမှုဆောင်ဒါရိုက်တာ (ခေတ္တ) ဖြစ်သူ Mr. Eddie Rich က နှုတ်ခွန်းဆက်စကား  ပြောကြားခြင်းနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းမှ  အစီရင်ခံစာများပြုစုခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခြင်းနှင့်  ကျေးဇူးတင်စကားပြောကြားခြင်း စသည့်အစီအစဉ်များအတိုင်း ကျင်းပခဲ့သည်။  ထို့နောက် အစီရင်ခံစာများပါတွေ့ရှိချက်များအား သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြရာတွင် သတ္တုကဏ္ဍအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်မှ လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း မှ ကျွမ်းကျင်သူ ဦးသန်းဌေးအောင်က လည်းကောင်း၊  ကျောက်မျက်နှင့်ကျောက်စိမ်းကဏ္ဍအတွက်  မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ အထွေထွေမန်နေဂျာ ဦးမင်းသူကလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့သည်။

ထို့အပြင် အစီရင်ခံစာပါအကြံပြုတိုက်တွန်းချက်များအား မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့  အမှုဆောင်ကော်မတီအဖွဲ့ဝင် ဒေါ်မိုးမိုးထွန်းမှလည်း ရှင်းလင်းတင်ပြခဲ့ပြီး ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်အစီရင်ခံစာများ ထုတ်ပြန်ကြေညာခြင်းအခမ်းအနားအား ကျင်းပပြီးစီးခဲ့သည်။