၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တို့တွင် တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်း ကုမ္ပဏီများက ပေးသွင်းအခွန်အခနှင့် အစိုးရအေဂျင်စီများ လက်ခံရှိသော အခွန်အခများ၏ အသားတင် ကွာဟချက်များအား MEITI ၏ အစီရင်ခံစာတွင် ဖော်ပြ

သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ထုတ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး Extractive Industries Transparency Initiative (EITI) ၏ MEITI-MSG သုံးပွင့်ဆိုင်ညွှန်ပေါင်းအဖွဲ့ သတင်းထုတ်ပြန်ကြေညာချက် သတင်းစာ ရှင်းလင်းပွဲကို ဇွန် ၂၈ ရက်တွင် ဆူးလေရှန် ဂီလာဟိုတယ်၌ ပြုလုပ်ခဲ့သည်။

အဆိုပါပွဲ၌ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တို့တွင် တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်း ကုမ္ပဏီများက ပေးသွင်းအခွန်အခများနှင့် အစိုးရအေဂျင်စီများ လက်ခံရှိသော အခွန်အခများ၏ အသားတင် ကွာဟချက်များအား MEITI ၏ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းကုမ္ပဏီများမှ ပေးသွင်းအခွန်အခများနှင့် အစိုးရ အေဂျင်စီများ လက်ခံရှိသော အခွန်အခများ၏ အသားတင်ကွာဟချက်မှာ ၂ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ကာ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် အသားတင် ကွာဟချက်မှာ ၁ ဒသမ ၈၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

MEITI အဖွဲ့မှ ဖော်ပြသည့် မြန်မာနိုင်ငံ၏ ဒုတိယနှင့် တတိယအကြိမ် အစီရင်ခံစာတို့တွင် ၂၀၁၄-၂၀၁၅ ခုနှစ်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တို့ကို လွှမ်းခြုံသော ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ကျောက်စိမ်းနှင့် ကျောက်မျက်ကဏ္ဍ၊ အခြားသတ္တုများနှင့် ပုလဲကဏ္ဍတို့ ပါဝင်သော သတ္တုကဏ္ဍတို့မှ အခွန်ဘဏ္ဍာဝင်ငွေများ ပါဝင်သည်။

နိုင်ငံတကာ EITI ဘုတ်အဖွဲ့မှ မြန်မာနိုင်ငံအား EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံတွင် EITI လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန်အတွက် EITI စံနှုန်းများနှင့်အညီ အစိုးရကိုယ်စားလှယ်ခုနစ်ဦး၊ ပုဂ္ဂလိကကိုယ်စားလှယ်ခုနစ်ဦး၊ အရပ်ဘက်ကိုယ်စားလှယ် ကိုးဦးပါဝင်သည့် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

EITI သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် ကောင်းမွန်သော သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူပြုရန်၊ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ စီမံခန့်ခွဲမှုနှင့် ဆက်စပ်သည့် သတင်းအချက်အလက်များ၊ ဆက်စပ်သော အခွန်ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ တိကျမှန်ကန်စွာ ရရှိလာစေရန်နှင့် ယင်းသတင်းအချက်အလက်များကို အများပြည်သူ သိရှိနိုင်ရေးထုတ်ပြန်ရန်၊ EITI စံနှုန်းနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်စွာ အားပေးသော ဝန်းကျင်တစ်ခု ပေါ်ပေါက်လာစေရန်နှင့် ပံပိုးကူညီနိုင်ရန်တို့ဖြစ်သည်။

ထို့အပြင့် MEITI အနေဖြင့် ပြည်သူများအကြား သယံဇာတလုပ်ငန်းများ၏ အချက်အလက်များ ပိုမိုပျံ့နှံ၍ နားလည်လွယ်ကူစေရန် အနှစ်ချုပ်နှင့် ရုပ်ပြပုံများ ထုတ်ဝေသွားမည့်အပြင် အခြားအကြောင်းအရာများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။