Press Conference on 2014-15 and 2015-16 MEITI reports



MEITI-MSG သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ၏ သတင်းထုတ်ပြန်ကြေညာချက်

ဇွန်လ (၂၈) ရက် ၂၀၁၈ခုနှစ်

ရန်ကုန်မြို့

မြန်မာနိုင်ငံ နှင့် EITI

သဘာဝသယံဇာတအရင်းအမြစ် တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (Extractive Industries Transparency Initiative - EITI) သည် သဘာဝသယံဇာတများအပေါ်  မှီခိုနေရသော နိုင်ငံများ၏လက္ခဏာများဖြစ်သော ဖွံ့ဖြိုးမှုနောက်ကျခြင်း၊ ပဋိပက္ခများဖြစ်ပွားခြင်း ဆင်းရဲနွမ်းပါးမှုများကို တိုက်ဖျက်ခြင်းအတွက် နိုင်ငံတကာအသိုင်းအဝိုင်း၏ထိရောက်ထင်ရှားသော တုံ့ပြန်ချက် ဖြစ်ပါသည်။ ယင်း၏တာဝန်သည် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးမှရရှိသော အခွန်အခများပေးဆောင်မှု အသုံးပြုမှုတို ့တွင် ပွင့်လင်းမြင် သာမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုတို ့ကို တိုးမြှင့်စေရန်ဖြစ်သည်။

        ၂၀၁၄ခုနှစ် ဇူလိုင်လ (၂)ရက်နေ့ မက္ကဆီကိုနိုင်ငံတွင် ကျင်းပခဲ့သော (၂၇)ကြိမ်မြောက် နိုင်ငံတကာ EITI (Extractive Industries Transparency Initiative) ဘုတ်အဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံအား (၄၅)နိုင်ငံမြောက် EITI အဖွဲ့ဝင်လောင်းနိုင်ငံ (Candidate Country) အဖြစ် အတည်ပြု လက်ခံခဲ့ပါသည်။ မြန်မာနိုင်ငံတွင် EITIလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန်အတွက် EITI စံနှုန်းများနှင့့််အညီ အစိုးရကိုယ်စားလှယ် (၇)ဦး၊ ပုဂ္ဂလိကကိုယ်စားလှယ် (၇)ဦးနှင့် အရပ်ဘက်ကိုယ်စားလှယ်(၉)ဦး ပါဝင်သော မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (Myanmar EITI – Multi-Stakeholder Group) ကို ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်များမှာ-

(က) မြန်မာနိုင်ငံတွင် ကောင်းမွန်သော သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ကျယ်ကျယ်  

       ပြန့်ပြန့် ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူဖြစ်စေရန်၊

(ခ) EITI စံနှုန်းနှင့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်စွာ  

      အားပေးသော ဝန်းကျင်တစ်ခု ပေါ်ပေါက်လာစေရန်၊

(ဂ) EITI လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးပြင်ဆင်ပေးခြင်းနှင့်

     ပံ့ပိုးကူညီပေးရန်၊

(ဃ)မြန်မာနိုင်ငံတွင် သဘာဝသယံဇာတစီမံခန့်ခွဲမှုနှင့် ဆက်စပ်သော သတင်းအချက်အလက်များ၊   

     ယင်းလုပ်ငန်းများနှင့် ဆက်စပ်သော အခွန်ဘဏ္ဍာဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်  

     တစ်ပြေးညီ တိကျမှန်ကန်စွာ ရရှိလာနို်င်စေရန်နှင့် ရရှိလာသော သတင်းအချက်အလက်များကို  

     အများပြည်သူ သိရှိနိုင်ရေး အတွက် ထုတ်ပြန်ရန် တို့ ဖြစ်ပါသည်။

တွင်းထွက်သယံဇာတအရင်းအမြစ်များ ပိုမိုကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်စေရန်နှင့် တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းများမှရရှိသော အခွန်ဘဏ္ဍငွေနှင့်လုပ်ငန်းမျာအား ပွင့်လင်းမြင်သာစွာ အများပြည်သူသို့ အသိပေးနိုင်ရန် မြန်မာနိုင်ငံတွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှု  ဖော်ဆောင်ရေး(Myanmar EITI) ရေနံနှင့်သဘာဝဓါတ်ငွေ့၊ ကျောက်မျက်နှင့်ကျောက်စိမ်းနှင့်သတ္တုကဏ္ဍ တို့ပါဝင်သော ပထမအကြိမ်အစီရင်ခံစာ(၂၀၁၃-၂၀၁၄ခ၊ုဘဏ္ဍာရေးနှစ်)ကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။ Transparency International မှ နှစ်စဉ်ထုတ်ပြန်သော Corruption Perception Index ၌ မြန်မာနိုင်ငံ သည် ယခင်က အဆင့် (၁၇၂) နေရာတွင် ရပ်တည်နေရာမှ ၂၀၁ရခုုနှစ် တွင် အဆင့် (၁၃၀)နေရာသို့ တက်လှမ်းလာသည့်အတွက် မိမိတို့ EITI လုပ်ငန်းစဉ်သည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အား တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေပြီး နိုင်ငံတကာ၏ အကဲဖြတ်မှုရလဒ်ကောင်းကိုလည်း ဝမ်းမြောက်ဖွယ်  တွေ့ရှိရပါသည်။ မြန်မာနိုင်ငံEITI ၏ ဒုတိယ(၂၀၁၄-၂၀၁၅ခုဘဏ္ဍရေးနှစ်) နှင့် တတိယအကြိမ်အစီရင်ခံစာ (၂၀၁၅-၂၀၁၆ခုဘဏ္ဍရေးနှစ်)များကို ၂၀၁၈ခုနှစ် မတ်လတွင်ထုတ်ပြန်နိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံ EITI ၏ ဒုတိယ နှင့် တတိယအကြိမ် အစီရင်ခံစာတို့တွင် နယ်ပယ်လွှမ်းခြုံမှု (Scope of 2nd & 3rd MEITI reports)

မြန်မာနိုင်ငံ၏ ဒုတိယ နှင့် တတိယအကြိမ် EITI အစီရင်ခံစာတို့တွင် ၂၀၁၄-၂၀၁၅ ခုနှစ် နှင့် ၂၀၁၅-၂၀၁၆ ခုနှစ် တို့ကို လွှမ်းခြုံသော ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍ၊ ကျောက်စိမ်းနှင့်  ကျောက်မျက်၊  အခြားသတ္တုများနှင့် ပုလဲကဏ္ဍတို့ပါဝင်သော သတ္တုကဏ္ဍတို့မှ အခွန်ဘဏ္ဍဝင်ငွေများပါဝင်ခဲ့ပါသည်။

၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်တွင် သယံဇာတတူးဖော်ထုတ်လုပ်ခြင်းမှရရှိသည့် အခွန်ဘဏ္ဍာငွေ အနက်မှ ရေနံနှင့် သဘာဝဓါတ်ငွေ့ရှာဖွေ၊တူးဖော်ထုတ်လုပ်သည့် ကဏ္ဍအတွက်အခွန်ဘဏ္ဍာငွေ (၁၀၀)ရာခိုင်နှုန်း ကိုယ်စားပြုသော ကုမ္ပဏီ (၃၆)ခု နှင့် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (၄)ခု၊ သတ္တုကဏ္ဍအတွက် အခွန်ဘဏ္ဍာငွေ (၇၂)ရာခိုင်နှုန်းကို ကိုယ်စားပြုသော ကုမ္ပဏီ (၂၉)ခု နှင့် ကျောက်မျက်ကဏ္ဍအတွက် အခွန်ဘဏ္ဍာငွေ (၅၇) ရာခိုင်နှုန်းကို ကိုယ်စားပြုသော ကျောက်မျက်ရတနာကုမ္ပဏီ (၇၂) ခုတို့ပါဝင်ပါသည်။

၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ်တွင် အခွန်ဘဏ္ဍာငွေ (၁၀၀) ရာခိုင်နှုန်းကို ကိုယ်စားပြုသော ရေနံနှင့် သဘာဝဓါတ်ငွေ့ စမ်းသပ်တူးဖော်ခြင်း နှင့် ထုတ်လုပ်သည့်အဆင့်ရှိ ကုမ္ပဏီ (၃၆) ခု နှင့် ရေနံနှင့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ (၄)ခု၊ သတ္တုကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ (၄၀) ရာခိုင်နှုန်းကို ကိုယ်စားပြုသော ကုမ္ပဏီ (၂၈) ခု၊ ကျောက်မျက်ကဏ္ဍ၏ အခွန်ဘဏ္ဍာငွေ (၃၂) ရာခိုင်နှုန်းကို ကိုယ်စားပြုသော ကျောက်မျက်ရတနာကုမ္ပဏီ (၅၁) ခုတို့ပါဝင်ပါသည်။ ထို့အပြင် လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီး ဌာနအောက်ရှိ  ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံရေးဦးစီးဌာန နှင့် မြန်မာ့ရေနံ နှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့် သစ်တောဦးစီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ ပါဝင်ပါသည်။ မြန်မာနိုင်ငံ MEITI ဒုတိယနှင့် တတိယအကြိမ် အစီရင်ခံစာ၏  နောက်ဆက်တွဲ အစီရင်ခံစာများ အဖြစ်  ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တို့ကိုလွှမ်းခြုံသော သစ်တောက ဏ္ဍအစီရင်ခံစာကိုလည်း ၂၀၁၈ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်မည်ဖြစ်ပါသည်။

 

ဒုတိယအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ(၂၀၁၄-၂၀၁၅ခုဘဏ္ဍာရေးနှစ်)ပါ အဓိကတွေ့ရှိချက်များ

ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ

၁။ ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်တွင်သယံဇာတတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍမှအစီရင်ခံစာပါ လုပ်ငန်းအမျိုးအစားများ နှင့်သက်ဆိုင်သောအခွန်အခရငွေအားလုံး၏ (၈၅) ရာခိုင်နှုန်းကို ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှကောက်ခံ ရရှိပါသည်။ အစိုးရအနေဖြင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ကုမ္ပဏီများ (ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီများအပါအဝင်) ထံမှ မြန်မာကျပ်သန်းပေါင်း ၂,၈၈၂,၂၀၆ ကိုှ ကောက်ခံရရှိထားပါသည်။

၂။ ကမ်းလွန်လုပ်ကွက်များမှ နိုင်ငံတော်၏ထုတ်လုပ်မှုဝေစုအချိုးအတွက်ရောင်းချရာမှ ရရှိသော ဝင်ငွေသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ကကဏ္ဍ ဘဏ္ဍာငွေအားလုံး၏ (၅၉) ရာခိုင်နှုန်းရှိပြီး အစိုးရသို့ဝင််ငွေအများဆုံးထည့်ဝင်မှုဖြစ်ပါသည်။

၃။ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) မှ အစီရင်ခံသော ကိန်းဂဏန်းများအရ ၂၀၁၄ ခုနှစ် ဧပြီလမှ ၂၀၁၅ ခုနှစ် မတ်လအတွင်း ကမ်းလွန်လုပ်ကွက်များမှ လေဆီ(condensate) စည်ပေါင်း ၂,၈၆၉,၈၇၀ နှင့် သဘာဝဓါတ်ငွေ့ ကုဗပေသန်းပေါင်း ၆၅၁,၅၈၄ (MMscf) ကိုထုတ်လုပ်နိုင်ခဲ့ပြီး ကုန်းတွင်းလုပ်ကွက်များမှ  ရေနံစည်ပေါင်း ၁,၇၄၄,၃၁၇ နှင့် သဘာဝဓါတ်ငွေ့ ကုဗပေသန်းပေါင်း ၆၄၅ (MMscf) ထုတ်လုပ်နိုင်ခဲ့ပါသည်။

၄။ ရေနံနှင့်သဘာဝဓါတ်ငွေ့ကို တင်ပို့ရောင်းချသော တန်ဖိုးပမာဏမှာ အစီရင်ခံစာပါ အချက်အလက်များအရ ရေနံအတွက် မြန်မာငွေကျပ်သန်းပေါင်း ၁၀၀,၅၂၁ (အမေရိကန်ဒေါ်လာ ၁၀၀ သန်း) နှင့် သဘာဝဓါတ်ငွေ့အတွက် မြန်မာငွေကျပ်သန်းပေါင်း ၄,၇၉၈,၇၁၁ (အမေရိကန်ဒေါ်လာ ၄,၈၂၁ သန်း) ရရှိပါသည်။

ကျောက်မျက်နှင့် ကျောက်စိမ်းကဏ္ဍ

၁။       ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် သယံဇာတတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍမှအစီရင်ခံစာပါ လုပ်ငန်းအမျိုး အစားများနှင့်သက်ဆိုင်သောအခွန်အခရငွေအားလုံး၏ (၁၁) ရာခိုင်နှုန်းကို ကျောက်မျက်၊ကျောက်စိမ်းကဏ္ဍ မှ ကောက်ခံရရှိပါသည်။ အစိုးရအနေဖြင့် ကျောက်မျက်၊ကျောက်စိမ်း ထံမှ မြန်မာကျပ်သန်းပေါင်း ၃၈၇,၀၂၉ ကိုှ ကောက်ခံရရှိထားပါသည်။

၂။ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်အစီရင်ခံစာတွင် ကျောက်မျက်၊ ကျောက်စိမ်းကုမ္ပဏီပေါင်း ၇၂ ခုအား စာရင်းတိုက်ဆိုင်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံ၏ ကျောက်မျက်၊ကျောက်စိမ်းကဏ္ဍမှ ရရှိသောအခွန်ဘဏ္ဍာငွေအားလုံး၏ ၅၇ ရာခိုင်နှုန်းကိုလွှမ်းခြုံပါသည်။ အဆိုပါကုမ္ပဏီများသည် ယင်းအစီရင်ခံသည့်ကာလတွင် အစိုးရသို့ အခွန်ငွေ အနည်းဆုံး မြန်မာကျပ်သန်းပေါင်း ၇၅၀ နှင့်အထက်ပေးဆောင်ထားသော ကုမ္ပဏီများ ဖြစ်ပါသည်။

၃။ အစီရင်ခံစာပါအချက်အလက်များအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျောက်မျက် ၁၁,၀၃၉,၇၈၆ ကာရက် (၈.၈ တန်) နှင့် ကျောက်စိမ်း ၁၆,၈၉၂ တန်ထုတ်လုပ်ခဲ့ပါသည်။ ယင်းဘဏ္ဍာနှစ်အတွင်း ကျင်းပခဲ့သော ကျောက်မျက်ရတနာပြပွဲ (၂) ခုတွင် ကျောက်မျက်အလေးချိန် ၁,၆၆၇,၄၁၆ ကာရက် (၄၃၃.၂ ကီလိုဂရမ်) နှင့် ကျောက်စိမ်း ၉,၅၇၅ တန်ကိုရောင်းချခဲ့ပြီး တန်ဖိုးပမာဏမှာ မြန်မာကျပ်ငွေသန်းပေါင်း ၁,၁၃၇,၂၃၁ (အမေရိကန်ဒေါ်လာသန်းပေါင်း ၁,၁၄၂.၆၅) ရရှိခဲ့ပါသည်။

၄။ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) အနေဖြင့််အကျိုးတူကျောက်စိမ်းကျောက်မျက် လုပ်ငန်းများမှရရှိသောအရောင်းဝင်ငွေအချိုးအရ မြန်မာကျပ်ငွေသန်းပေါင်း ၁၁၅,၂၂၉ သန်းကို ကောက်ခံရရှိပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကျောက်မျက်ကျောက်စိမ်းကဏ္ဍဘဏ္ဍာငွေစုစုပေါင်း၏ (၂၉.၇) ရာခိုင်နှုန်း ကို ကိုယ်စားပြုသည်ကို တွေ့ရပါသည်။ ကုမ္ပဏီများထံမှ ပစ္စည်း (In-kind) ဖြင့်ပေးချေမှုဖြင့် ရရှိထားသော ပမာဏမှာ ကျောက်စိမ်း ၃၁,၇၂၈ ကီလိုဂရမ်ရှိပြီး ယင်းတို့ကို ရောင်းချခြင်းမရှိဘဲ ပြတိုက် (Museum) တွင်သာ ထားရှိသည့်အတွက် ပစ္စည်းရောင်းချခြင်းမှ ဝင်ငွေမရရှိကြောင်း တွေ့ရပါသည်။

 



သတ္တုကဏ္ဍ

၁။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်သယံဇာတတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍမှအစီရင်ခံစာပါ လုပ်ငန်းအမျိုး အစားများနှင့်သက်ဆိုင်သောအခွန်အခရငွေအားလုံး၏ (၄) ရာခိုင်နှုန်းကို သတ္တုကဏ္ဍမှကောက်ခံရရှိပါသည်။ အစိုးရအနေဖြင့် သတ္တုကဏ္ဍ ထံမှ မြန်မာကျပ်သန်းပေါင်း ၁၂၄,၈၄၈ ကိုှ ကောက်ခံရရှိထားပါသည်။

၂။ ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်အစီရင်ခံစာတွင် သတ္တုကဏ္ဍမှ ကုမ္ပဏီပေါင်း ၂၉ ခုအားစာရင်းတိုက်ဆိုင် စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍမှ ရရှိသောအခွန်ဘဏ္ဍာငွေအားလုံး၏ (၇၂) ရာခိုင်နှုန်းကိုလွှမ်းခြုံပါသည်။ အဆိုပါကုမ္ပဏီများသည် ယင်းအစီရင်ခံသည့်ကာလတွင် အစိုးရသို့ အခွန်ငွေ အနည်းဆုံး မြန်မာကျပ်သန်းပေါင်း ၂၅၀ နှင့်အထက်ပေးဆောင်ထားသောကုမ္ပဏီများဖြစ်ပါသည်။

၃။ စာရင်းတိုက်ဆိုင်စစ်ဆေးရာတွင်ပါဝင်သော အခွန်စီးဆင်းမှုများမှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာ နမှ ကောက်ခံရရှိထားသော ဝင်ငွေခွန် (Income tax)၊ ကုန်သွယ်ခွန်(Commercial tax)၊ သွင်းကုန်များအပေါ် ကုန်သွယ်ခွန်(Commercial tax on imports)၊ အကောက်ခွန်(Customs Duties)၊ တံဆိပ်ခေါင်းခွန်(Stamp Duties)၊  ပင်ရင်းမှနှုတ်ယူပေးသွင်းငွေ(Withholding tax) နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ကောက်ခံရရှိထားသော ဓါတ်သတ္တုခွန်(Royalties)၊ လက်မှတ်ထိုးဆုကြေးငွေ(Signature Bonus)၊ ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားမှု(Production split)၊ မြေငှားရမ်းခ (Dead rent fees)၊ လိုင်စင်ကြေး(Licence fees)၊ Environmental/Plantation fees နှင့် တိုင်းနှင့်ပြည်နယ်လူမှုရေးဖွံ့ဖြိုးမှုရံပုံငွေ(CSR) သို့ ထည့်ဝင်မှုတို့ပါဝင်ပါသည်။

၄။ အခြားဓါတ်သတ္တုများ ထုတ်လုပ်မှုတန်ဖိုးမှာ မြန်မာကျပ်ငွေသန်းပေါင်း ၄၇၈,၂၉၃ ရှိပြီး၊ တင်ပို့ရောင်းချခဲ့ခြင်း အားဖြင့် မြန်မာကျပ်ငွေသန်းပေါင်း ၁၉၃,၅၉၉ ရရှိခဲ့ပါသည်။ အခြားသတ္တုကဏ္ဍရှိ နိုင်ငံပိုင်လုပ်ငန်းများမှ ဖြည့် သွင်းသောအစီရင်ခံစာအရ အစိုးရ၏ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားမှုအရ ပစ္စည်း (In-kind) ဖြင့်ရရှိသော သတ္တုကိုရောင်းချရာတွင် ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်အတွင်း မြန်မာကျပ်ငွေသန်းပေါင်း ၅၇,၆၇၆ ရရှိပြီး ယင်းသည် အခြားသတ္တုကဏ္ဍမှ ရရှိသော ဘဏ္ဍာငွေစုစုပေါင်း၏ (၄၆.၂)ရာခိုင်နှုန်း ကိုကိုယ်စားပြုကြောင်း တွေ့ရှိရပါသည်။

တတိယအကြိမ် မြန်မာနိုင်ငံ EITI အစီရင်ခံစာ(၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ်)ပါ အဓိကတွေ့ရှိချက်များ

ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ

၁။ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင်သယံဇာတတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍမှအစီရင်ခံစာပါ လုပ်ငန်းအမျိုးအစားများ နှင့်သက်ဆိုင်သောအခွန်အခရငွေအားလုံး၏ (၇၆)ရာခိုင်နှုန်းကို ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍမှကောက်ခံ ရရှိပါသည်။ အစိုးရအနေဖြင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ကုမ္ပဏီများ (ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီများအပါအဝင်) ထံမှ မြန်မာကျပ်သန်းပေါင်း ၂,၅၇၉,၉၁၇ ကိုှ ကောက်ခံရရှိထားပါသည်။

၂။ ကမ်းလွန်လုပ်ကွက်များမှ နိုင်ငံတော်၏ထုတ်လုပ်မှုဝေစုအချိုးအတွက်ရောင်းချရာမှ ရရှိသော ဝင်ငွေသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ကကဏ္ဍ ဘဏ္ဍာငွေအားလုံး၏ (၅၂) ရာခိုင်နှုန်းရှိပြီး အစိုးရသို့ဝင််ငွေအများဆုံးထည့်ဝင်မှုဖြစ်ပါသည်။

၃။ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) မှ အစီရင်ခံသော ကိန်းဂဏန်းများအရ ၂၀၁၅ ခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် မတ်လအတွင်း ကမ်းလွန်လုပ်ကွက်များမှ လေဆီ(condensate) စည်ပေါင်း ၂,၀၀၃,၄၁၉ နှင့် သဘာဝဓါတ်ငွေ့ ကုဗပေသန်းပေါင်း ၆၇၆,၉၅၄ (MMscf) ကိုထုတ်လုပ်နိုင်ခဲ့ပြီး ကုန်းတွင်းလုပ်ကွက်များမှ  ရေနံစည်ပေါင်း ၁,၅၀၆,၃၄၅ နှင့် သဘာဝဓါတ်ငွေ့ ကုဗပေသန်းပေါင်း ၇၁၃ (MMscf) ထုတ်လုပ်နိုင်ခဲ့ပါသည်။

၄။ ရေနံနှင့်သဘာဝဓါတ်ငွေ့ကို တင်ပို့ရောင်းချသော တန်ဖိုးပမာဏမှာ အစီရင်ခံစာပါ အချက်အလက်များအရ ရေနံအတွက် မြန်မာငွေကျပ်သန်းပေါင်း ၆၀,၉၄၈ (အမေရိကန်ဒေါ်လာ ၄၉.၈ သန်း) နှင့် သဘာဝဓါတ်ငွေ့ အတွက် မြန်မာငွေကျပ်သန်းပေါင်း ၄,၆၃၃,၂၉၀ (အမေရိကန်ဒေါ်လာ ၃,၇၈၆.၇ သန်း) ရရှိပါသည်။

ကျောက်မျက်နှင့် ကျောက်စိမ်းကဏ္ဍ

၁။       ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင် သယံဇာတတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍမှအစီရင်ခံစာပါ လုပ်ငန်းအမျိုး အစားများနှင့်သက်ဆိုင်သောအခွန်အခရငွေအားလုံး၏ (၂၁) ရာခိုင်နှုန်းကို ကျောက်မျက်၊ကျောက်စိမ်းကဏ္ဍ မှ ကောက်ခံရရှိပါသည်။ အစိုးရအနေဖြင့် ကျောက်မျက်၊ကျောက်စိမ်း ထံမှ မြန်မာကျပ်သန်းပေါင်း ၇၀၇,၈၀၈ ကိုှ ကောက်ခံရရှိထားပါသည်။

၂။ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်အစီရင်ခံစာတွင် ကျောက်မျက်၊ ကျောက်စိမ်းကုမ္ပဏီပေါင်း (၅၁) ခုအား စာရင်းတိုက်ဆိုင်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံ၏ ကျောက်မျက်၊ကျောက်စိမ်းကဏ္ဍမှ ရရှိသောအခွန်ဘဏ္ဍာငွေအားလုံး၏ (၃၂) ရာခိုင်နှုန်းကိုလွှမ်းခြုံပါသည်။ အဆိုပါကုမ္ပဏီများသည် ယင်းအစီရင်ခံသည့်ကာလတွင် အစိုးရသို့ အခွန်ငွေ အနည်းဆုံး မြန်မာကျပ်သန်းပေါင်း ၁၀၀၀ နှင့်အထက်ပေးဆောင်ထားသော ကုမ္ပဏီများ ဖြစ်ပါသည်။

၃။ အစီရင်ခံစာပါအချက်အလက်များအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကျောက်မျက် ၁၃,၄၈၃,၃၈၃ ကာရက် (၂၃.၆ တန်) နှင့် ကျောက်စိမ်း ၃၆,၀၅၉ တန်ထုတ်လုပ်ခဲ့ပါသည်။ ယင်းဘဏ္ဍာနှစ်အတွင်း ကျင်းပခဲ့သော ကျောက်မျက်ရတနာပြပွဲ (၂) ခုတွင် ကျောက်မျက်အလေးချိန် ၁,၉၀၃,၄၃၇ ကာရက် (၄၂၀.၇၁ ကီလိုဂရမ်) နှင့် ကျောက်စိမ်း ၆,၅၇၃ တန်ကိုရောင်းချခဲ့ပြီး တန်ဖိုးပမာဏမှာ မြန်မာကျပ်ငွေသန်းပေါင်း ၈၄၄,၀၅၉ (အမေရိကန်ဒေါ်လာသန်းပေါင်း ၈၄၈.၀၈) ရရှိခဲ့ပါသည်။

၄။ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) အနေဖြင့််အကျိုးတူကျောက်စိမ်းကျောက်မျက် လုပ်ငန်းများမှရရှိသောအရောင်းဝင်ငွေအချိုးအရ မြန်မာကျပ်ငွေသန်းပေါင်း ၇၄,၉၁၉ သန်းကို ကောက်ခံရရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ကျောက်မျက်ကျောက်စိမ်းကဏ္ဍဘဏ္ဍာငွေစုစုပေါင်း၏ (၁၀.၆)ရာခိုင်နှုန် ကို ကိုယ်စားပြုသည်ကို တွေ့ရပါသည်။ ကုမ္ပဏီများထံမှ ပစ္စည်း (In-kind) ဖြင့်ပေးချေမှုဖြင့် ရရှိထားသော ပမာဏမှာ ကျောက်စိမ်း ၄,၉၀၃ ကီလိုဂရမ်ရှိပြီး ယင်းတို့ကို ရောင်းချခြင်းမရှိဘဲ ပြတိုက် (Museum) တွင်သာ ထားရှိသည့်အတွက် ပစ္စည်းရောင်းချခြင်းမှ ဝင်ငွေမရရှိကြောင်း တွေ့ရပါသည်။

သတ္တုကဏ္ဍ

၁။ ၂၀၁၅-၂၀၁၆ဘဏ္ဍာရေးနှစ်တွင်သယံဇာတတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍမှအစီရင်ခံစာပါ လုပ်ငန်းအမျိုး အစားများနှင့်သက်ဆိုင်သောအခွန်အခရငွေအားလုံး၏ (၃) ရာခိုင်နှုန်းကို သတ္တုကဏ္ဍမှကောက်ခံရရှိပါသည်။ အစိုးရအနေဖြင့် သတ္တုကဏ္ဍ ထံမှ မြန်မာကျပ်သန်းပေါင်း ၉၈,၅၈၃ ကိုှ ကောက်ခံရရှိထားပါသည်။

၂။ ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်အစီရင်ခံစာတွင် သတ္တုကဏ္ဍမှ ကုမ္ပဏီပေါင်း ၂၈ ခုအားစာရင်းတိုက်ဆိုင် စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍမှ ရရှိသောအခွန်ဘဏ္ဍာငွေအားလုံး၏ (၄၀) ရာခိုင်နှုန်းကိုလွှမ်းခြုံပါသည်။ အဆိုပါကုမ္ပဏီများသည် ယင်းအစီရင်ခံသည့်ကာလတွင် အစိုးရသို့ အခွန်ငွေ အနည်းဆုံး မြန်မာကျပ်သန်းပေါင်း ၂၅၀ နှင့်အထက်ပေးဆောင်ထားသောကုမ္ပဏီများဖြစ်ပါသည်။

၃။ အခြားဓါတ်သတ္တုများ ထုတ်လုပ်မှုတန်ဖိုးမှာ မြန်မာကျပ်ငွေသန်းပေါင်း ၄၁၇,၁၇၅ ရှိပြီး၊ တင်ပို့ရောင်းချခဲ့ခြင်း အားဖြင့် မြန်မာကျပ်ငွေသန်းပေါင်း ၁၂,၉၂၃ ရရှိခဲ့ပါသည်။ အခြားသတ္တုကဏ္ဍရှိ နိုင်ငံပိုင်လုပ်ငန်းများမှ ဖြည့် သွင်းသောအစီရင်ခံစာအရ အစိုးရ၏ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားမှုအရ ပစ္စည်း (In-kind) ဖြင့်ရရှိသော သတ္တုကိုရောင်းချရာတွင် ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်အတွင်း မြန်မာကျပ်ငွေသန်းပေါင်း ၃၅,၇၆၈ ရရှိပြီး ယင်းသည် အခြားသတ္တုကဏ္ဍမှ ရရှိသော ဘဏ္ဍာငွေစုစုပေါင်း၏ (၃၆.၃)ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း တွေ့ရှိရပါသည်။

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းကုမ္ပဏီများမှ ပေးသွင်းအခွန် အခများနှင့် အစိုးရအေဂျင်စီများလက်ခံရရှိသောအခွန်အခများ၏ အသားတင်ကွာဟချက်မှာ (၂.၈) ရာခိုင်နှုန်း ဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင်  အသားတင်ကွာဟချက်မှာ  (၁.၈၈) ရာခိုင်နှုန်း ရှိပါသည်။ အစီရင်ခံစာ အပြည့်အစုံကို www.myanmareiti.org တွင် ဝင်ရောက်ဖတ်ရှူနိုင်ပါသည်။

မြန်မာနိုင်ငံ EITI ၏ ဒုတိယ နှင့် တတိယအကြိမ် အစီရင်ခံစာများမှ အကြံပြုတိုက်တွန်းချက်များ

၁။ သယံဇာတတူးဖော်ထုတ်လုပ်ခြင်းမှ ရရှိသောအခွန်ကို စီမံအုပ်ချုပ်ခြင်း (၄) ချက်

၂။ ကျောက်မျက်နှင့် ကျောက်စိမ်းကဏ္ဍ စီမံခန့်ခွဲမှု (၂) ချက်

၃။ EITI လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး (၁၅) ချက်

ရှေ့ဆက်လုပ်မည့်လုပ်ငန်းများ

၁။ အထက်ပါအစီရင်ခံစာများအပြင် ပြည်သူအကြား သယံဇာတလုပ်ငန်းများ၏အချက်အလက်များပိုမို ပျံနှံ့၍ နားလည်လွယ်ကူစေရန် အနှစ်ချုပ်နှင့် ရုပ်ပြပုံများကိုလည်း ထုတ်ဝေသွားမည်ဖြစ်သည်။ ပွင့်လင်းသော အချက်အလက်ပေါ်တယ် (Open Data Portal) ကို ၂၀၁၈ခုနှစ် ဇူလိုင်လတွင် ထုတ်လွှင့်နိုင်ရန် စီစဉ်ထားပါသည်။

၂။ သယံဇာတနှင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ သတ္တုတူးဖော်ရေးလုပ်ငန်းများ မှတ်ပုံတင်စာရင်း (Mineral and Gemstone Cadastre) တစ်ခု ယခုနှစ်တွင် အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

၃။ မြန်မာနိုင်ငံတွင် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှု (Beneficial Ownership) လုပ်ငန်းစဉ်အကောင်အထည်ဖော် ရာတွင် ပထမအဆင့်ဖြစ်သော ကနဦးစီမံကိန်းကို မိမိဆန္ဒအလျှောက်ပါဝင်သော ကုမ္ပဏီများဖြင့် ဆောင်ရွက်လျက် ရှိရာ လာမည့် ဇူလိုင်လတွင် ကနဦးစီမံကိန်းအစီရင်ခံစာ ထွက်ရှိမည်ဖြစ်သည်။

၄။ သဘာဝသယံဇာတတူးဖော်ထုုတ်လုုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာလာပြီး၊ တာဝန်ယူမှုရှိစေရန် ရည်ရွယ်၍ သုုံးပွင့်ဆိုုင်ညွှန့်ပေါင်းအဖွဲ့၏ အကဲဖြတ်အစီရင်ခံစာများကို ယခုကဲ့သို့ နှစ်စဉ်ထုတ်ပြန်သွားမည်ဖြစ်ကာ  ရှေ့ဆက်ဆောင်ရွက်ရာတွင် EITI လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသော တိကျသေချာသည့် ဥပဒေတစ်ရပ် ထုတ်ပြဌာန်းနိုင်စေရန် တွန်းအားပေးလုုပ်ဆောင်ခြင်း နှင့်ခိုင်မာသည့်လုပ်ငန်းစဉ်များ  ဖော်ထုတ်ခြင်းဖြင့် ဒီမိုကရေစီအစိုးရ သက်တမ်းကာလ တစ်ခုနှင့်တစ်ခုအကြား EITI လုပ်ငန်းစဉ်အား စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကို များစွာအထောက်အကူ ဖြစ်လာစေရန် မိမိတို့ သုံးပွင့်ဆိုုင်ညွှန့် ပေါင်းအဖွဲ့ဝင်ကိုုယ်စားလှယ်များမှ ကြိုးစားလျှက်ရှိပါသည်။

၅။ ၂၀၁၈ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသည် ပထမဦးဆုံးသော အကဲဖြတ်ဆန်းစစ်ခြင်း လုပ်ငန်းစဉ် (Validation Process) ကို ဖြတ်သန်းရမည်ဖြစ်သည်။ အကဲဖြတ်ဆန်းစစ်ခြင်းဆိုသည်မှာ EITI စံနှုန်းကိုအခြေခံပြီး EITI အကောင်အထည် ဖော်နေသော နိုင်ငံ၏တိုးတက်မှုအခြေအနေကို တိုင်းတာရန်အတွက်  ပြုလုပ်ထားသော အရည်အသွေး အာမခံသောယန္တရား ဖြစ်ပါသည်။

၆။ တနင်္သာရီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တိုင်းဒေသကြီးနှင့်  ပြည်နယ်အဆင့် လုပ်ငန်း ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (Sub-National Coordination Unit-SNU) ဖွဲ့စည်းခဲ့ပြီးဖြစ်၍ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင်ဖွဲ့စည်း နိုင်ရေးကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ဆက်သွယ်မေးမြန်းရန်

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့

၁။ ဦးကျော်သက် (အစိုးရကိုယ်စားလှယ်) – ၀၉၄၂၀၇၀၁၂၀၆ နှင့် [email protected] (Deputy Director General, Department of Mining)

၂။ ဦးသန်းဌေးအောင် (အစိုးရကိုယ်စားလှယ်) - ၀၉၄၉၂၁၇၈၂၃ နှင့် [email protected] (Expert, Myanmar Oil and Gas Enterprise, Ministry of Electricity and Energy)

၃။ ဦးမင်းသူ (အစိုးရကိုယ်စားလှယ်) - ၀၉၉၆၄၆၂၆၁၅၄ နှင့် [email protected] (General Manger, Myanmar Gems Enterprise)

၄။ ဦးခင်မောင်ဟန် (လုပ်ငန်းရှင်ကိုယ်စားလှယ်) - ၀၉၉၇၃၀၀၈၈၆၁၇ နှင့် [email protected] (Chairman, Myanmar Federation of Mining Association)

၅။ ဦးဇော်ဘို်ခန့် (လုပ်ငန်းရှင်ကို်ယ်စားလှယ်) – ၀၉၅၅၂၇၉၉၉ နှင့် [email protected] (Vice Chairman, Myanmar Gems and Jade Enterprise Association)

၆။ ဒေါ်မိုးမိုးထွန်း (အရပ်ဘက်လူမှုအဖွဲ့ကိုယ်စားလှယ်) – ၀၉၅၀၇၇၆၄၀ နှင့် [email protected] (MSG member, Central Executive Member of Myanmar Alliance for Transparency and Accountability-MATA)

၇။ ဒေါ်ဇင်မာမြိုင် (မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး) – ၀၉၇၆၅၀၈၅၀၀၇ နှင့် [email protected] (Programme Advisor, MEITI-National Coordination Secretariat)

၈။ ဒေါက်တာကျော်ညွန့်မောင်(မြန်မာနိုင်ငံEITIညှိနှိုင်းရေးမှူးရုံး)-၀၉၇၉၉၂၅၅၅၉၅နှင့်       [email protected] (Programme Manager, MEITI-National Coordination Secretariat)

မြန်မာနိုင်ငံ EITI အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက www.myanmareiti.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး၊ တယ်လီဖုန်း - ၀၉၄၀၀၈၈၈၁၂၃ နှင့် [email protected] သို့လည်း ဆက်သွယ်နိုင်ပါသည်။