တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်မှုမှ ရရှိသည့် ဝင်ငွေအစီရင်ခံစာ ဒီဇင်ဘာတတိယပတ်တွင် ထုတ်ပြန်

အများပြည်သူသို့ ချပြ ရမည့် တွင်းထွက်သယံဇာတတူး ဖော်ထုတ်လုပ်မှုမှ ရရှိသည့်ဝင်ငွေ အစီရင်ခံစာတစ်စောင် ဒီဇင်ဘာ ၂၅ ရက်တွင် ထွက်ရှိမည်ဟု တွင်းထွက်သယံဇာတ တူးဖော်ထုတ် လုပ်သည့် လုပ်ငန်းများ ပွင့်လင်း မြင်သာမှုဖော်ဆောင်ရေး အစီရင် ခံစာရေးဆွဲရေး သုံးပွင့်ဆိုင်ညွန့် ပေါင်းအဖွဲ့မှ သတင်းရရှိသည်။

‘‘ဒီအစီရင်ခံစာထဲမှာ ရေနံ၊ ကျောက်စိမ်းနဲ့ သတ္တုကရတဲ့ ဝင် ငွေတွေပါမှာပါ’’ဟု သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့တွင် အရပ်ဘက် အဖွဲ့အစည်းများ ကိုယ်စားလှယ် အဖြစ် ပါဝင်သူ ဦးဝင်းမျိုးသူက ပြောကြားသည်။

အစိုးရနှင့် ကုမ္ပဏီအကြား တွင်းထွက်သယံဇာတ လုပ်ငန်း သုံးခုမှရရှိသည့် ဝင်ငွေများ၊ လုပ် ပိုင်ခွင့်လိုင်စင်များနှင့် လုပ်ပိုင်ခွင့် ပေးမှုအခြေအနေများကို သုံးပွင့် ဆိုင်ညွန့်ပေါင်းအဖွဲ့တွင် ပါဝင် သော အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက တိုက်ဆိုင် စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ် သည်။

အစီရင်ခံစာတွင် ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်အတွင်း ရရှိခဲ့သည့်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ဝင်ငွေ၊ ကျောက်စိမ်းလုပ်ငန်းမှရရှိသည့် ဝင်ငွေနှင့် သတ္တုလုပ်ငန်းမှ ရရှိသည့်ဝင်ငွေများ ပါဝင်မည်ဖြစ်သည်။

အစီရင်ခံစာတွင် ဖော်ပြ ထားသည့် ဝင်ငွေများ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရရှိသည့် ဝင်ငွေများ ၁၀၀ ရာခိုင်နှုန်းပါဝင်မည်ဖြစ်သော်လည်း ကျောက်စိမ်းလုပ်ငန်းမှ ရရှိသည့် ဝင်ငွေ ၆၇ ရာခိုင်နှုန်း၊ သတ္တုလုပ်ငန်းမှရရှိသည့် ဝင်ငွေ ၅၀ ရာခိုင်နှုန်း ပါ မည်ဟုဆိုသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့မှ ရရှိငွေသည် ကုမ္ပဏီ ၁၀ ခုကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ် ပြီး ကျောက်မျက်ရတနာနှင့် သတ္တု တွင်းမှဝင်ငွေများသည် တွင်း ထွက်ပစ္စည်း တူးဖော်ထုတ်လုပ် သည့် ကုမ္ပဏီပေါင်း ၅၁ ခုကို အခြေခံ တွက်ချက်ထားခြင်းဖြစ် သည်။

 ကျောက်စိမ်းလုပ်ငန်းနှင့် သတ္တုတွင်းလုပ်ငန်းတို့မှ ရရှိသည့်ဝင်ငွေသည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ကျောက်စိမ်းလုပ်ငန်းနှင့် သတ္တုတွင်းလုပ်ငန်းမှ ရရှိသည့် ဝင်ငွေများကို ကိုယ်စားမပြုနိုင်သော်လည်း လာမည့်အစိုးရသစ်လက်ထက်၌ ရေးသားပြုစုမည့် အစီရင်ခံစာတွင် လိုအပ်ချက်များ ထည့်သွင်းရေးဆွဲထားသည်ဟု ဦးဝင်းမျိုးသူက ပြောသည်။

အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် ကုမ္ပဏီများအကြား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ပေးနေ သည့် နိုင်ငံတော်စီးပွားရေးအကြံ ပေး ဦးဇော်ဦးက ၂၀၁၃-၁၄ တွင် တွင်းထွက်သယံဇာ တူးဖော်ထုတ်လုပ်ရောင်းချမှုမှ ရရှိသည့် ဝင်ငွေသည် တိုင်းပြည်ဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံရှိသည်ဟု ဒီဇင်ဘာ ၁၂ ရက်၌ မီဒီယာများအား ထုတ်ဖော်ပြော သည်။

တိုင်းပြည်ဝင်ငွေ အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ ရှာဖွေပေးသည့် တွင်းထွက်သယံ ဇာတလုပ်ငန်းကို သုံးပိုင်းခွဲတွက် ချက်ထားပြီး ရေနံနှင့်သဘာဝ ဓာတ်ငွေ့မှ ရရှိသည့်ငွေသည် ၂ ဒသမ ၄ ဘီလီယံခန့်ရှိကြောင်း၊ ကျန်သည့် ငွေကြေးများသည် ကျောက်မျက်နှင့် သတ္တုလုပ်ငန်း မှ ရရှိသည့် ငွေများဖြစ်ကြောင်း ဦးဇော်ဦးကပြောသည်။

မြန်မာနိုင်ငံ၏ တွင်းထွက် သယံဇာတ တူးဖော်ထုတ်လုပ် သည့် လုပ်ငန်းများ ပွင့်လင်းမြင် သာမှုဖော်ဆောင်ရေး အစီရင်ခံ စာကို ၂၀၁၆ ဇန်နဝါရီ  ၂ ရက်တွင် နိုင်ငံတကာ EITI အဖွဲ့သ့ိုတင်ပြမည်ဖြစ်သည်။