တတိယအကြိမ် နှင့် စတုတ္ထအကြိမ် MEITI သစ်တောကဏ္ဍအစီရင်ခံစာများအား ပြန်လည်သုံးသပ်ခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့

မြန်မာ EITI ၏ တတိယအကြိမ် (၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်) နှင့် စတုတ္ထအကြိမ် (၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်) သစ်‌တောကဏ္ဍအစီရင်ခံစာများအား ပြန်လည်သုံးသပ်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၄) ရက်နေ့၌ Melia Hotel ၊ ရန်ကုန်တွင် ကျင်းပခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။  ထို့နောက် Forest Trends  မှ ဒေါ်ခင်စောဋ္ဌေးက MEITI သစ်တောကဏ္ဍအစီရင်ခံစာများအပေါ်သုံးသပ်ချက်နှင့်တွေ့ရှိချက်များအား တင်ပြခဲ့ပြီး မြန်မာနိုင်ငံ   EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူကလည်း ယင်းအစီရင်ခံစာများတွင်ပါဝင်သည့် အကြံပြုတိုက်တွန်းချက်များ၊  ယခင်နှစ် သစ်တောကဏ္ဍအစီရင်ခံစာဆိုင်ရာဆွေးနွေးပွဲမှ အကြံပြုတိုက်တွန်းချက်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။  ဌာနဆိုင်ရာအကြီးအကဲနှင့်တာဝန်ရှိသူများ၊ လုပ်ငန်းရှင်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အခြားတက်ရောက်သူများက မေးခွန်းများမေးမြန်းခြင်း၊ အကြံပြုဆွေး‌နွေးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။ 

ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် သစ်တောမူဝါဒအားပြန်လည်သုံးသပ်ခြင်းနှင့်မွမ်းမံခြင်း၊  သစ်ဝယ်လိုအား၊ ရောင်းလိုအားနှင့် အနာဂတ်အစီအစဉ်၊  သစ်ရောင်းချမှုလုပ်ငန်းစဉ်၏ ထိရောက်မှုကို တိုးမြှင့်ဆောင် ရွက်ခြင်းနှင့်သစ်ရောင်းချမှု အချက်အလက်များအား ထုတ်ပြန်ခြင်း စသည့်ခေါင်းစဉ်အလိုက် ကဏ္ဍစုံကိုယ်စားလှယ်များပါဝင်၍အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် သက်ဆိုင်ရာအုပ်စုအလိုက် ဆွေးနွေးချက်များအား  ပြန်လည်ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်သူများက သိရှိလိုသည်များအား ရှင်းလင်းမေးမြန်းခဲ့ကြပါသည်။ ဆွေးနွေးမေးမြန်းမှုများအပြီး၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ရှိသူများ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဌာနတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ  EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကအသင်းချုပ်များနှင့်လုပ်ငန်းရှင်များ၊ ပြည်တွင်းနှင့်နိုင်ငံတကာအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ မှ တာဝန်ရှိသူများ၊ Forest Trends နှင့် မြန်မာနိုင်ငံ   EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့များ (SNUs) များ၊ နေပြည်တော်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများက  online မှတစ်ဆင့် ပူးပေါင်းတက်ရောက်ခဲ့ကြသည်။