(၂၉) ကြိမ်မြောက် မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ (၂၉) ကြိမ်မြောက်အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့၌ Online မှတစ်ဆင့်ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေး၌ ပထမဦးစွာ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းမှ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အရပ်ဘက်ကဏ္ဍ ကိုယ်စားလှယ်များက နိုင်ငံတကာ EITI အတွင်းရေးမှူးရုံးနှင့် ဆွေးနွေးခဲ့သည့် မြန်မာ EITI လုပ်ငန်းစဉ်၏ အကောင်အထည်ဖော်မှုနှင့် ထိရောက်မှုများကို ပြန်လည်သုံးသပ်ရေးအတွက် ဆွေးနွေးတင်ပြခြင်း၊ မြန်မာနိုင်ငံ EITI လုပ်ငန်းကော်မတီ (Working Committee) နှင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (MSG) တို့၏ လုပ်ပိုင်ခွင့် အခန်းကဏ္ဍအား သုံးသပ်ဆွေးနွေးခြင်း၊ ကဏ္ဍအလိုက်ကိုယ်စားလှယ်များမှ အပြန်အလှန်ဆွေးနွေးခြင်း နှင့် Multi-donor trust fund (MDTF) ဖြစ်သည့် MEITI ဘတ်ဂျက် ၃.၅ သန်းနှင့်ပတ်သက်၍ နောက်ဆုံး အခြေအနေများအား ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (MOBD) မှ ဆွေးနွေးတင်ပြခဲ့သည်။

အစည်းအဝေးတွင် EITI အကောင်အထည်ဖော်ဆောင်မှုနှင့်ပတ်သက်၍ ဘုံရည်မှန်းချက် များ၊ ရလဒ်နှင့် အကျိုးသက်ရောက်မှုများ၊ Key Performance Indicator များအား Technical and Reporting Sub-committee တွင် အသေးစိတ် ဆွေးနွေးချမှတ်ရန်အပါအဝင် အစည်းအဝေးဆုံးဖြတ်ချက် (၇) ချက်အား ဆွေးနွေးချမှတ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ အစိုးရ၊ လုပ်ငန်းရှင်နှင့်အရပ်ဘက်ကဏ္ဍကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။