ဒုတိယအကြိမ် စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှု (Contract Transparency) ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့

မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များအနက်မှ စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှု (Contract Transparency) ဆိုင်ရာ  လုပ်ငန်းစဉ်အတွက် ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၆) ရက်နေ့၌ Online မှတစ်ဆင့် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် စာချုပ်စာတမ်းပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ သမ္မတရုံး အမိန့်ကြော်ငြာစာမူကြမ်းအပေါ် ပေးပို့လာသည့် သဘောထား မှတ်ချက်များအကြောင်း ရှင်းလင်းတင်ပြခြင်းနှင့် ထပ်မံ ဖြည့်စွက်ဆွေးနွေး ခြင်း၊ စာချုပ်စာတမ်းပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ သမ္မတရုံးအမိန့်ကြော်ငြာစာနှင့်ပတ်သတ်၍ MEITI Working Committee ၏ အစည်းအဝေးဆုံးဖြတ်ချက်ကို ရှင်းလင်းတင်ပြခြင်း၊ စာချုပ်စာတမ်းပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ သမ္မတရုံးအမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရန်အတွက် ဆောင်ရွက်ရ သည့် လုပ်ငန်းစဉ်အတွေ့အကြုံများအား MOBD မှ ရှင်းလင်းတင်ပြခြင်း၊ EITI လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်လျက်ရှိသည့် နိုင်ငံများ၏ စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှုနှင့် ပတ်သတ်သည့် လုပ်ဆောင် နေသည်များကို NRGI မှ မျှဝေဆွေးနွေးခြင်း၊  စာချုပ်စာတမ်းပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ Legal Review ပြုလုပ်ရန်အတွက် (TOR) လုပ်ငန်းလမ်းညွှန် (မူကြမ်း) ပြင်ဆင်ထားမှုကို ရှင်းလင်းတင်ပြခြင်းနှင့်၎င်းအပေါ် သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။



အဆိုပါအစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တို့မှ သက်ဆိုင်ရာ ဌာနများ၏ တာဝန်ရှိသူများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ရေနံနှင့်သဘာဝဓါတ်ငွေ့ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့ (MATA)မှ အရပ်ဘက်အဖွဲ့အစည်းကဏ္ဍ၏ တာဝန်ရှိသူများ နှင့် မြန်မာနိုင်ငံ  EITI ညှိနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ တက်‌ရောက်ခဲ့သည်။

အစည်းအဝေး၌ ဒုတိယအကြိမ် ပြင်ဆင်ထားသည့် Contract Transparency သမ္မတရုံး အမိန့်ကြော်ငြာစာမူကြမ်း အား အသေးစိတ်ဆွေးနွေးရန်အတွက် အစည်း အဝေး တစ်ရပ်အား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့ နေ့လည် (၁) နာရီတွင် MEITI-NCS ရုံးတွင် ကျင်းပရန်ဆုံးဖြတ်ချက်အပါအဝင် စာချုပ်စာတမ်းပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ သမ္မတရုံး အမိန့်ကြော်ငြာစာမူကြမ်းအပေါ် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့သည်။