ပထမအကြိမ် စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှု (Contract Transparency) ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား Online မှတစ်ဆင့် ကျင်းပခဲ့

၂၀၁၉ EITI စံနှုန်းအရ ဆောင်ရွက်ရမည့် စံသတ်မှတ်ချက်အသစ်များအနက်မှ စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှု (Contract Transparency) နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် MEITI ပထမအကြိမ် စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှု (Contract Transparency)  ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၁) ရက်နေ့၌ Online မှတစ်ဆင့် ကျင်းပခဲ့ပါသည်။

အဆိုပါ   Online အစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်နှင့်  မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) တို့မှ တာဝန်ရှိသူများ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍကုမ္ပဏီများမှ တာဝန်ရှိသူများ၊  NRGI  နှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံး (MEITI-NCS) မှ တာဝန်ရှိသူများ စသည်ဖြင့် တက်ရောက်သူပေါင်း (၄၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ယင်းအစည်းအဝေး၌ ၂၀၁၉ ခုနှစ်တွင် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် Contract Transparency Workshop အစီရင်ခံစာအား MEITI-NCS မှ အနှစ်ချုပ်ရှင်းလင်း တင်ပြခြင်း၊ မြန်မာနိုင်ငံ၏ လက်ရှိ စာချုပ်စာတမ်း ဖွင့်ပြမှု အခြေအနေနှင့် ဥပဒေ မူဘောင်အကြောင်းအား NRGI မှ ရှင်းလင်းတင်ပြခြင်း၊ စာချုပ်များ ဖွင့်ဟထုတ်ပြန်နိုင်ရေးအတွက် ကန့်သတ် ထားသည့် ဥပဒေများ၊ စာချုပ်ပါ ဖော်ပြချက်များအကြောင်း ဆွေးနွေးခြင်း၊ စာချုပ်များ ဖွင့်ဟထုတ်ပြန်နိုင်ရေးအတွက် အထောက် အကူ ဖြစ်စေမည့် ဖော်ပြချက်များကို လိုင်စင်ချထားပေးသည့် လုပ်ငန်းစဉ် များအတွင်း ထည့်သွင်းရန်နှင့် ၂၀၂၁ ခုနှစ်မှ စတင်ချုပ်ဆို၊ ပြင်ဆင်မည့် စာချုပ်များတွင် ထည့်သွင်းရန် ဆွေးနွေးခြင်းနှင့် သတင်းမီဒီယာများအား လက်ခံတွေ့ဆုံရန်အတွက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံသည် ၂၀၁၉ EITI စံနှုန်း (၂.၄) အရ စာချုပ်စာတမ်းများ ပွင့်လင်းမြင်သာမှု (Contract Transparency) လုပ်ငန်းစဉ်အား ဆောင်ရွက်နိုင်ရန်အတွက် Contract Transparency Work Plan   အား ရေးဆွဲချမှတ်၍ အကောင်အထည်ဖော်လျက်ရှိပါသည်။