LANGUAGE :

Policy Brief

Tue, 11/24/2015 - 21:29 -- meiti-admin
Tuesday, November 24, 2015 - 21:30
Myanmar

မြန်မာနိုင်ငံနှင့် သဘာဝသယံဇာတကဏ္ဍ ပွင့်လင်းမြင်သာရေး ဆောင်ရွက်မှု (EITI)

 

၁။ နိဒါန်း

 

၁၊၁။ လွန်ခဲ့သော (၁၀)စုနှစ်ကို ပြန်ကြည့်လျှင် သဘာဝသယံဇာတ ကျိန်စာသင့်သည်ဟူသော ပြောဆိုချက်သည် သဘာဝသယံဇာတ အရင်းအမြစ် ပေါကြွယ်သော နိုင်ငံများအကြားတွင် ဆောင်ပုဒ်သဖွယ် ဖြစ်လာသည်ကို တွေ့ရှိရသည်။ နိုင်ငံတစ်နိုင်ငံလုံး၏ ထက်ဝက်ကျော်သည် သဘာဝသယံဇာတကဏ္ဍမှ ရရှိသော မြန်မာနိုင်ငံအဖို့ သဘာဝသယံဇာတ အရင်းအမြစ်ကြွယ်ဝသောနိုင်ငံဟု ခေါ်ဆိုလျှင် မှားမည် မဟုတ်ဟု ယူဆပါသည်။ သဘာဝသယံဇာ အရင်းအမြစ်ကြွယ်ဝသည်ဟုသတ်မှတ်နိုင်သောနိုင်ငံများတွင် လူပေါင်း (၃.၅) ဘီလီယံမျှ နေထိုင်ကြသော်လည်း လူအများစုမှာ ၄င်းသယံဇာတ ထုတ်လုပ်မှုမှ ရရှိသည့် အကျိုးအမြတ်များကို မခံစားကြရချေ။ သယံဇာတ ပေါကြွယ်ဝမှုသည် နိုင်ငံတစ်နိုင်ငံအတွက် ကျိန်စာသင့်ခဲ့ရသည့် သာဓကများရှိသလို ထိုသယံဇာတ အရင်းအမြစ်များသည် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ဆုလာဘ် ဖြစ်စေတတ်ကြောင်းကို နိုင်ငံတကာ အတွေ့အကြုံများကို ကြည့်လျှင် ရှင်းလင်းစွာ မြင်နိုင်ပါသည်။

 

၁၊၂။ သဘာဝသယံဇာတ ကျိန်စာမှသည် ဆုလာဘ်အဖြစ်သို့ ပြောင်းလဲရန်အတွက် နိုင်ငံတကာတွင် သဘာဝ သယံဇာတ တူးဖောှ် ထုတ်လုပ်ရေး ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နေသော ကုမ္ပဏီများ အနေဖြင့် သက်ဆိုင်ရာ အိမ်ရှင်အစိုးရများသို့ ပေးရသော ငွေကြေး အခွန်အခ ပမာဏများကို အများပြည်သူထံ အသိပေးထုတ်ပြန်ပေးရန် လူထုအခြေပြုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း သဘာဝသယံဇာတများကြောင့် ကျိန်စာသင့်မှုမှ ရှောင်ရှားနိုင်ပြီး ဆုလာဘ်အဖြစ်အသွင်ပြောင်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ (Extractive Industries Transparency Initiative) EITI လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန် ကြိုးပမ်းလာသည်ကိုတွေ့ရှိရသည်။ နိုင်ငံတော်သမ္မတကြီးအနေဖြင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၉၉/၂၀၁၂)ဖြင့် တွင်းထွက်သယံဇာတအရင်းအမြစ် တူးဖော်ရေးစက်မှုလုပ်ငန်းများပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၄င်းအမိန့်ကြော်ငြာစာအရ အစိုးရသည် ကုမ္ပဏီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်ပြီး သားစဉ်မြေးဆက်အကျိုးရှိမည့် EITIလုပ်ငန်းစဉ် များကို မြန်မာနိုင်ငံတွင်ကျင့်သုံးဖော်ဆောင်ရန် ဖော်ပြခဲ့သည်။ ယခုအခါ အစိုးရ၊ ကုမ္ပဏီများနှင့် လူထုအခြေပြု အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးတာဝန်ခံတို့ ပူးပေါင်းပြီး သုံးပွင့်ဆိုင် ညွှန့်ပေါင်းအဖွဲ့ (Multi-Stakeholder Group (MSG)) ဖွဲ့စည်းနိုင်ရန်ပြင်ဆင်လျက်ရှိပါသည်။ ထိုသုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့(MSG) ဖွဲ့စည်းရာတွင် EITI လုပ်ငန်းစဉ်ကို စိတ်ဝင်စားသူ မည်သူမဆို ပူးပေါင်းပါဝင်နိုင်ပါသည်။

 

၁၊၃။ EITI ဆိုင်ရာကိစ္စကို လွန်ခဲ့သော ၂၀၀၂ ခုနှစ်က ထိုအချိန်တွင် ဗြိတိန် ၀န်ကြီးချုပ် ဖြစ်သူ မစ္စတာ တိုနီဘလဲက ၎င်း၏ မိန့်ခွန်းထဲတွင် စတင် ထုတ်ဖော်ပြောကြားခဲ့သည်။ နောက်ပိုင်း၌ EITI အတွက် (လိုအပ်သော) စည်းမျဉ်းဥပဒေများ နှင့်ပတ်သက်၍ သယံဇာတ ပေါကြွယ်ဝသောနိုင်ငံများ၊ သယံဇာတတူးဖော် ထုတ်လုပ်သော ကုမ္ပဏီများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ဗြိတိသျှအစိုးရတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပသော ၂၀၀၃ ခုနှစ် ဆွေးနွေးပွဲ၌ EITI ဆိုင်ရာ အခြေခံမူများ (the EITI principles) ကို သဘောတူညီခဲ့ကြပြီး (ပထမဆုံးအနေဖြင့်) စမ်းသပ်အဆင့်ကို စတင်ခဲ့သည်။ ယင်း စမ်းသပ်အဆင့် အတွေ့အကြုံများကို အခြေခံ၍ EITI စံသတ်မှတ်ချက်/စံညွှန်း (the EITI Criteria) ကို ၂၀၀၅ ခုနှစ် လန်ကတ်စတာဟောက်စ် (Lancaster House) တွင် ကျင်းပသော အစည်အဝေး၌ သဘောတူညီခဲ့ကြသည်။

 

၁၊၄။ နိုင်ငံများအနေနှင့် EITI ကို အကောင်အထည်ဖော်ရာတွင် ကူညီနိုင်ရန် EITI လက်စွဲစာအုပ် (the EITI Source Book) ကို ၂၀၀၅ ခုနှစ်၌ ထုတ်ဝေခဲ့သည်။ EITI ကို ကျင့်သုံးရာ၌ တွေ့ရှိရသော အစောပိုင်း အတွေ့အကြုံများကို အခြေခံ၍ EITI အကောင် အထည်ဖော်နေသော နိုင်ငံများအနေဖြင့် ၎င်းတို့၏ ဆောင်ရွက် ချက်များသည် တရားဝင် အတည်ပြုသင့်သည် (Validated) ဟုလည်း သဘောတူညီကြသည်။ EITI အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွဲ့ IAG အနေနှင့် (EITI) အဖွဲ့ဝင်  နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်အတည်ပြုခြင်းဆိုင်ရာ လမ်းညွန်ချက် (the Validation Guide) ပေါ်ပေါက်လာရေးအတွက် ကြီးကြပ်ခဲ့ပြီး ၂၀၀၆ ခုနှစ်၌  ၎င်းကို စတင် ထုတ်ပြန်ခဲ့သည်။

 

၁၊၅။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလ၊ နော်ဝေနိုင်ငံ၊ အော်စလို့ မြို့တွင် ကျင်းပသော တတိယအကြိမ် EITI ကမ္ဘာလုံးဆိုင်ရာ ညီလာခံတက်ရောက်လာကြသော EITI အစီစဉ် တွင် ပါဝင်သည့် ကိုယ်စားလှယ်များ (EITI Stakeholders) အားလုံးက  EITI မူများ (Principles), EITI စံညွှန်းများ (Criteria) နှင့် အဖွဲ့ဝင်အတည်ပြုခြင်းဆိုင်ရာ လမ်းညွှန်ချက် (Validation guide) များအပေါ် ယခင် သဘောတူညီ ထားချက်များကို ထပ်မံ အတည်ပြုခဲ့ကြသည်။ ထိုညီလာခံ၌ (ကိုယ်စားလှယ်များက) အကြံပြုချက်များကိုလည်း ပေးအပ်ခဲ့ကြသည်။ ထိုအထဲတွင် တက်ရောက်သူအဖွဲ့အစည်း အလွှာအသီးသီးမှ ကိုယ်စားပြုပုဂ္ဂိုလ်များ ပါဝင်သော Multi-stakeholder Board အဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်း၊ EITI ကို နိုင်ငံတကာအဆင့်မီ စီမံခန့်ခွဲနိုင်ရန် Board အဖွဲ့အား အထွေထွေအတွင်းရေးမှူး (Secretariat) တစ်ဦးက တာဝန်ခံသင့်သည်။…” စသည့်အချက်များ ကို ဆုံးဖြတ်ခဲ့ပါသည်။

 

၁၊၆။ အပြည်ပြည်ဆိုင်ရာ EITI Board အဖွဲ့အား ၎င်းအကြံပြုချက်များ နှင့်အညီ ဖွဲ့စည်းခဲ့ပြီး EITI အကောင်အထည်ဖော်မှုပိုင်းဆိုင်ရာ၊ ထို့အပြင် ၎င်း၏ ကိုယ်ပိုင် အုပ်ချုပ်မှုစီမံခန့်ခွဲရေးပိုင်းဆိုင်ရာတို့နှင့် ဆက်စပ်နေသည့် ဆုံးဖြတ်ချက်ပေါင်းများစွာကို (Board အဖွဲ့က) ချမှတ်ခဲ့သည်။ EITI အကောင်အထည်ဖော်မှုပိုင်းဆိုင်ရာနှင့် ဆက်စပ် ပတ်သက်နေသည့် Board အဖွဲ့၏ ဆုံးဖြတ်ချက်များအား (လိုအပ်သည့်) မှတ်တမ်း၊ မှတ်ချက်များနှင့်အတူ EITI stakeholders များထံသို့ ဖြန့်ဝေပေးသည်။ အထွေထွေအတွင်းရေးမှူးက ထိုအချက်များကို ဖြန့်ဝေပြီး ယင်းတို့ကို ယခု ထုတ်ပြန်ချက်၌ တွေ့ရှိနိုင်ပါသည်။

 

၁၊၇။ EITI အဖွဲ့ဝင် အဖြစ် တရားဝင်အတည်ပြုခြင်း နှင့် လက်ခံကျင့်သုံးမည့် နိုင်ငံများအတွက် EITI ဆိုင်ရာ လမ်းညွှန်မှု စံချိန်စံနှုန်းများသည် ၂၀၀၃ ခုနှစ်တွင် စတင် သဘောတူညီခဲ့သော ၂၀၀၃ EITI Principle မှ တဆင့်ပြီးတဆင့် ပြောင်းလဲလာကာ ၂၀၁၃ ခုနှစ် မေလတွင် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ရရှိလာပြီး EITI Standard ဟုပေါ်ထွက်လာခဲ့သည်။ ဤ EITI 2013 Standard တွင် ယခင်က တွေ့ကြုံရသော အတွေ့အကြုံများကို အခြေခံကာ ပိုမိုပြည့်စုံသော မူဝါဒဆိုင်ရာ အချက်အလက်များနှင့် EITI စည်းမျဉ်းစည်းကမ်းများပါဝင်သည်။

 

၂။ EITI အခြေခံမူများ

 

၂၀၀၃ ခုနှစ်တွင် ဗြိတိသျှ အစိုးရက လက်ခံကျင်းပသော လန်ကတ်စတာဟောက်စ် ညီလာခံ (Lancaster House Conference)  တွင် တက်ရောက်သူများက သယံဇာတ အရင်းအမြစ်ထုတ်ယူရေး ကဏ္ဍ၏ ပေးဆောင်ရမှုနှင့် ဝင်ငွေတို့နှင့် ပတ်သက်၍ ပွင်လင်းမြင်သာမှုတိုးတက်ရေးမူများ ကို သဘောတူ ချမှတ်ခဲ့ကြသည်။ ဤမူများသည် EITI အခြေခံမူများအဖြစ် လူသိများလာခဲ့ပြီး၊ ဤအခြေခံမူများသည် လိုက်နာကျင့်သုံးမည့်နိုင်ငံများအတွက် EITI လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် အတွက် အုတ်မြစ်လည်း ဖြစ်လာခဲ့သည်။ ယင်းအခြေခံမူများမှာ-

 

၂၊၁။ သဘာဝ အရင်းအမြစ်များကို ချင့်ချင့်ချိန်ချိန်သုံးစွဲမှုသည် ရေရှည်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကို အကျိုးပြုသော ရေရှည်စီးပွားရေး ကြီးထွားမှုအတွက် အရေးကြီးသော လုပ်ဆောင်ချက်တစ်ရပ် ဖြစ်ပြီး၊ အကယ်၍ သုံးစွဲမှုကို လျော်ကန်စွာ စီမံအုပ်ချုပ်ခြင်း မပြုပါက မလိုလားအပ်သော စီးပွားရေးနှင့် လူမှုရေး သက်ရောက်မှုများ ဖြစ်ပွားလာနိုင်သည်ဟု ကျွန်ုပ်တို့ အားလုံး တစ်ညီတစ်ညွတ်တည်း ယုံကြည်ကြသည်။

 

၂၊၂။ တိုင်းသူပြည်သားများ၏ အကျိုးအတွက် သဘာဝအရင်းအမြစ်များ စီမံအုပ်ချုပ်ခြင်းသည် အချုပ်အချာ အာဏာပိုင် အစိုးရများ၏ လုပ်ပိုင်ခွင့်နယ်ပယ်ထဲမှာ ရှိပြီး၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း ဖြစ်ရမည်ဟု ကျွန်ုပ်တို့ ခံယူသည်။

 

၂၊၃။ အရင်းအမြစ်ထုတ်ယူခြင်းမှနေ၍ နှစ်ပေါင်းများစွာ ဝင်ငွေဘဏ္ဍာရသော အကျိုးကျေးဇူးများရှိနိုင်ပြီး၊ ဤအကျိုးကျေးဇူး များသည် ဈေးနှုန်းအပေါ်မှာ များစွာ မှီတည်နေကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုသည်။

 

၂၊၄။ အစိုးရဝင်ငွေဘဏ္ဍာနှင့် အသုံးစားရိတ်များ အကြောင်းနှင့်ပတ်သက်၍ အများပြည်သူတို့၏ သိမြင်မှု ကြာမြင့်လာသည်နှင့် အမျှ အများပြည်သူတို့ထဲမှာ ဆွေးနွေးငြင်းခုန်မှုများ လုပ်နိုင်ပြီး၊ ရေရှည်ဖွံ့ဖြိုးရေးအတွက် သင့်တော်ပြီး၊ လက်တွေ့ အကောင်အထည်ဖော်၍ဖြစ်နိုင်သော လုပ်ငန်းများကို အသိအမြင်ရှိရှိ ရွေးချယ်နိုင်သည်ဟု ကျွန်ုပ်တို့ အသိအမှတ်ပြုသည်။

 

၂၊၅။ အစိုးရနှင့် သဘာဝအရင်းအမြစ်တူးဖေါ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသော ကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုသည် အရေးကြီးကြောင်းနှင့် အစိုးရ၏ ဘဏ္ဍာရေးစီမံအုပ်ချုပ်မှုနှင့် တာဝန်ခံမှုတို့ကို တိုးတက်ကောင်းမွန်အောင် အားပေးရန် လိုအပ်ကြောင်း ကျွန်ုပ်တို့ အလေးထားဖော်လိုက်သည်။

 

 

၂၊၆။ ပွင့်လင်းမြင်သာမှု ပိုမိုရှိလာရေးကိစ္စကို သဘောတူစာချုပ်များ၊ ဥပဒေများကို လေးစားလိုက်နာသော အခြေအနေ အောက်မှာ ဆောင်ရွက်ရမည်ဟု ကျွန်ုပ်တို့ အသိအမှတ်ပြုသည်။

 

၂၊၇။ ဘဏ္ဍာရေးပွင့်လင်းမြင်သာမှုကြောင့် ပြည်တွင်းနှင့် နိုင်ငံခြားရင်နှီးမြှုပ်နှံမှုများအတွက် ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေနိုင်ကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုသည်။

 

၂၊၈။ ဝင်ငွေဘဏ္ဍာနှင့် အသုံးစာရိတ် စီမံအုပ်ချုပ်ရေးနှင့်ပတ်သက်၍ အစိုးရက နိုင်ငံသားအားလုံးကို တာဝန်ခံရမည်ဟူသော မူနှင့် လက်တွေ့ကို ကျွန်ုပ်တို့ ယုံကြည်သည်။

 

၂၊၉။ အများပြည်သူဘဝ၊ အစိုးရဆောင်ရွက်ချက်များနှင့် စီးပွားရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု စံချိန် များမြင့်လာရေးအတွက် ကျွန်ုပ်တို့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သည်။

 

၂၊၁၀။ ပေးဆောင်ရငွေနှင့် ဝင်ငွေဖော်ထုတ်ပြရေးအတွက် (လုပ်ရကိုင်ရ၊ အသုံးပြုရ လွယ်ကူရိုးရှင်းသော) အလွန် ရှေ့နောက် ညီပြီး၊ လက်တွေ့အသုံးဝင်သော နည်းလမ်းတစ်ရပ် လိုအပ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။

 

၂၊၁၁။ တိုင်းပြည်တစ်ခုအတွင်း ပေးဆောင်ရငွေများ ဖော်ထုတ်ပြမှုတွင် ထိုတိုင်းပြည်အတွင်း သဘာဝအရင်းအမြစ် တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေကြသော ကုမ္ပဏီအားလုံး ပါဝင်သင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။

 

၂၊၁၂။ ပြဿနာဖြေရှင်းနည်းများကို ရှာကြံရာ၌ ပါဝင်ပတ်သက်သူအားလုံး (အစိုးရများနှင့် အစိုးရလက်အောက်ခံအဖွဲ့ အစည်းများ၊ သဘာဝအရင်းအမြစ် တူးဖော်ရေး ကုမ္ပဏီများ၊ ဝန်ဆောင်မှုပေးသောကုမ္ပဏီများ၊ နိုင်ငံစုံ အဖွဲ့အစည်းများ၊ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ) မှာ အရေးပါအရာရောက်သော ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ ရှိနေသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။

 

 

၃။ EITI စံညွှန်း (EITI CRITERIA)

 

၃၊၁။ လန်ကတ်စ်တာဟောက်စ် ညီလာခံ နောက်ပိုင်း၌ EITI သည် နိုင်ငံတကာအဆင့် အစိုးရများ၊ အဓိကနိုင်ငံတကာကုမ္ပဏီများ၊ အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံသူများ၊ NGO များ၊ နိုင်ငံတကာအဖွဲ့အစည်းများ ထံမှ နိုင်ငံတကာအဆင့် ထောက်ခံမှုများ ကို ဆက်လက် ရယူခဲ့သည်။ ၂၀၀၅ ခုနှစ်တွင်း ကျင်းပသော လန်ဒန် EITI ညီလာခံ ကိုယ်စားလှယ်များက အဆိုပါ EITI စံညွှန်းများကို သဘောတူ ခဲ့ကြသည်။ EITI စည်းမျဉ်းများ အတိုင်း စမ်းသပ်လိုက်နာဆောင်ရွက်ရင်း၊ အကောင်အထည်ဖော်နေသော နိုင်ငံများသည် EITI ကို အခြား ဒေသဆိုင်ရာ စတင်အကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့် လိုက်လျော် ညီထွေစွာ လုပ်ငန်းစီမံကိန်း များကို ချမှတ်ခဲ့ကြသည်။ နိုင်ငံများ၏ ကိုယ်ပိုင် အစီအစဉ်များနှင့် ကိုက်ညီမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ချမှတ်ခဲ့ကြသည်။

 

၃၊၂။ EITI လုပ်ငန်းစဉ်များအား လက်တွေ့ အကောင်အထည်ဖော်ရန် အောက်ဖော်ပြပါ စံညွှန်းများကို လမ်းညွှန်ချက်အဖြစ် ပြဌာန်းခဲ့ပါသည်။

 

  • ကုမ္ပဏီများက အစိုးရများသို့ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ပေးအပ်သော ငွေကြေးများ အားလုံး၊ ထို့အပြင် ၎င်းတို့ကို လက်ခံ ရရှိသော အစိုးရ၏ ၀င်ငွေများအားလုံးနှင့် ပတ်သက်သော ပုံမှန် သတင်း ထုတ်ပြန်ချက်များကို အများပြည်သူ သိရှိလက်လှမ်းမီ နိုင်သော၊ ပြည့်စုံသော၊ နားလည်ရန် ရှင်းလင်းလွယ်ကူသော အစီစဉ်များကို သုံးစွဲလျက် ပြည်သူလူထုအတွင်း ကျယ်ကျယ် ပြန့်ပြန့် ပုံမှန် ဖြန့်ဝေရန်
  •  ကုမ္ပဏီများမှ ပေးအပ်ငွေနှင့် အစိုးရက လက်ခံရရှိသော ၀င်ငွေများအား စစ်ဆေးရန်သည် ယုံကြည်စိတ်ချရသော၊ အနှောင်အဖွဲ့ ကင်းလွတ်သောစာရင်းစစ်များကို ခန့်အပ်တာဝန်ပေးရမည်။ ထိုသို့ စစ်ဆေးရာတွင် အပြည်ပြည်ဆိုင်ရာ စာရင်းအင်းဆိုင်ရာ အဆင့်အတန်းနှင့်အညီ စစ်ဆေးရမည်။
  • ယုံကြည်စိတ်ချရသော၊ အနှောင်အဖွဲ့ကင်းလွတ်သော စီမံ ခန့်ခွဲစစ်ဆေးရေးမှူး (reconciler) တစ်ဦးက အပြည်ပြည်ဆိုင်ရာ စာရင်းအင်း စစ်ဆေးရေး အဆင့်အတန်းကို လိုက်နာ ကျင့်သုံးရင်း၊ သတ်မှတ်ထားသည့် ကာလအတွင်း (ကုမ္ပဏီ စာရင်းနှင့် နိုင်ငံတော်စာရင်းနှစ်ခုအကြား) ပေးအပ်ငွေနှင့် ၀င်ငွေများကို တူမတူ စာရင်းညှိ စီစစ်ရမည်။ ကွဲပြား ခြားနားချက်များ ရှိပါက စီမံခန့်ခွဲရေးမှူး၏ သဘောထား ထုတ်ပြန်ချက်နှင့် အတူ ရှင်းလင်းဖော်ပြရမည်။
  • ထိုလုပ်ထုံးလုပ်နည်း ကျင့်သုံးမှုသည် နိုင်ငံပိုင် လုပ်ငန်းများ အပါအ၀င် ကုမ္ပဏီအားလုံးသို့ တိုးချဲ့ဆောင်ရွက်ရမည်။
  • လူထုအခြေပြုအဖွဲ့အစည်းများသည် လုပ်ထုံးလုပ်နည်း၊ စုံစမ်းစစ်ဆေးမှုနှင့် လုပ်ငန်းဆောင်ရွက်ပုံများ၏ အနေ အထားများအား အကဲဖြတ်၊ စောင့်ကြည့်ခြင်းကိစ္စများ၌ တတ်တတ် ကြွကြွ ပါဝင်နိုင်ရမည့်အပြင်၊ အများပြည်သူများ အကြား ကြားနာ ဆွေးနွေးပွဲများအားလည်း ဆောင်ရွက်ခွင့် ရှိရမည်။
  • အထက်ဖော်ပြပါ ပွင့်လင်းမြင်သာသော၊ ငွေကြေးကုန်ကျမှု သက်သာသော၊ စဉ်ဆက်မပြတ် ထိန်းသိမ်း လုပ်ကိုင် နိုင်သော လုပ်ငန်းစဉ်ကို အိမ်ရှင်အစိုးရက ဦးစီး  ဆောင်ရွက် ရမည် ဖြစ်သည်။ လိုအပ်ပါက အပြည်ပြည်ဆိုင်ရာ ငွေကြေး အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုအရ ဆောင်ရွက် နိုင်သည်။ ထိုအကူအညီများထဲတွင် သိသာထင်ရှားသည့် ဦးတည်ချက်များ၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချိန်ဇယားနှင့် ကြုံရနိုင်ဖွယ်ရှိသော စွမ်းရည်ဆိုင်ရာ အကန့်အသတ်၊ အခက်အခဲများအပေါ် ကြိုတင် တွက်ဆမှုများလည်း ပြင်ဆင်ထားရန် လိုပါသည်။

၃၊၃။ နိုင်ငံတကာ EITI အတွင်းဝန်ရုံးနှင့် EITI ဘုတ်အဖွဲ့သည် ဖြစ်နိုင်သည့်နေရာတိုင်း၌ အနိမ့်ဆုံး လိုအပ်ချက် များကို ကျော်လွန်ဆောင်ရွက်ရန်လည်း တွန်းအားပေးခဲ့သည်။ ထိုအဆင့်အတွင်း EITI အစီအစဉ်ကို အကောင်အထည်ဖော်ရာ၌၊ မတူကွဲပြားသောအတွေ့အကြုံများက EITI ၏ အဆင့်အတန်း အနေအထား မြင့်မားကျယ်ပြန့်စေကာ အကောင်အထည် ဖော်ရေးအတွက် ရှင်းလင်းပြတ်သားသော လိုအပ်ချက်များအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် EITI ကို အကောင်အထည်ဖော်နေသောနိုင်ငံများအား ကူညီရန်နှင့် EITI ကို ထောက်ခံသော ကုမ္ပဏီများအား အထောက်အကူပြုရန်အတွက်၊ စမ်းသပ်အဆင့်အတွင်း ကြုံတွေ့ခဲ့သော သင်ခန်းစာများ၏ တန်ဖိုးကိုလည်း အသိအမှတ်ပြုခဲ့သည်။

 

 

၎။ EITI အကောင်အထည်ဖော်မည့်နိုင်ငံများအတွက် လိုအပ်ချက်များ

 

၎၊၁။ EITI အစီစဉ် အကောင်အထည်ဖော်ရန် နိုင်ငံများအတွက် လိုအပ်ချက်များကို ဇယား (၁) ၌ အကျဉ်းချုံး ဖော်ပြထားသည်။ လိုအပ်ချက် ၄ ချက်အား လက်မှတ်ရေးထိုးသော နိုင်ငံများအား EITI အဖွဲ့ဝင်လောင်း (EITI Candidate) အဆင့်အဖြစ် လက်ခံပေမည်။ EITI အဖွဲ့ဝင်လောင်း အဆင့်သည် ယာယီသာ ဖြစ်ပြီး တိကျစွာသက်မှတ်ထားသောကာလအတွင်း (သာမာန်အားဖြင့် ၂-နှစ်ခွဲ) စံချိန်မီအဖွဲ့ဝင် (Compliant Country) ဖြစ်လာဖို့ ရှေးရှုသည်။

 

၎၊၂။ EITI စံချိန်မီအဖွဲ့ဝင်နိုင်ငံ (EITI Compliant) ဖြစ်လာနိုင်ရန် EITI အား အကောင်အထည်ဖော်ရာတွင်၊ နိုင်ငံများအနေဖြင့် ဖြည့်ဆည်းရမည့် လိုအပ်ချက်များကို ဖော်ပြထားသည်။ ၎င်းလိုအပ်ချက်များကို မည်သို့ အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မည့် လမ်းညွှန်ချက်များလည်း ပါဝင်သည်။ National Stakeholder များ အနေနှင့် EITI ကို ၎င်းတို့နိုင်ငံများ၏ လိုအပ်ချက်များ၊ အနေအထား များနှင့် လိုက်လျောညီထွေ ရှိအောင် အကောင် အထည်ဖော်ရမည်ဖြစ်ရာ၊ ယခုလမ်းညွှန်ချက်များသည် ယင်းဖြစ်နိုင် ချေများ အားလုံးကို မဖော်ပြနိုင်ပါ။ ဤလမ်းညွှန်တွင် ချမှတ်ထားသော လိုအပ်ချက်များသည် အနိမ့်ဆုံးအဆင့်များ ဖြစ်နေသော်ငြားလည်း၊ ပါဝင်သူများအနေနှင့် ထိုအနိမ့်ဆုံး လိုအပ်ချက်များကို ကျော်လွန် ဆောင်ရွက်သွားရန် တိုက်တွန်း နှိုးဆော်ထားပါသည်။

 

၎၊၃။ စံချိန်မီအဖွဲ့ဝင် အဆင့်အတန်းကို ရရှိရန် အကောင်အထည်ဖော်နေသော နိုင်ငံများ အနေဖြင့် EITI ၏ တရားဝင် အသိအမှတ်ပြုခြင်း ဆိုင်ရာ အရည် အသွေးစစ်ဆေးသည့် အဆင့်(Validation process) ကို ဖြည့်စွမ်း ပြည့်မီ ရမည်။ ၎င်းအဆင့်သည် EITI အတွက် လိုအပ်ချက်အားလုံးကို ပြည့်မီ မပြည့်မီ သီးခြားလွတ်လပ်စွာ အကဲဖြတ်ခြင်း ဖြစ်သည်။ ဇယား (၂) တွင် ကြည့်ပါ။

 

၎၊၄။ အဖွဲ့ဝင်နိုင်ငံများသည် အဖွဲ့ဝင်နိုင်ငံအဆင့်ကို ထိန်းသိမ်းနိုင်ရန် အလို့ငှာ လိုအပ်ချက်အလုံးစုံကို တင်းတင်းကြပ်ကြပ် လိုက်နာရမည်။ နောက်ဆုံး EITI ကို အကောင်အထည်ဖော်နေသာ နိုင်ငံ တစ်နိုင်ငံ အနေနှင့် EITI အဖွဲ့ဝင် ဖြစ်ရန် လိုက်နာရမည့် လိုအပ်ချက်များထက် နိမ့်ပါးနေသည်ဟု စိုးရိမ်စရာ တွေ့ရှိရလျှင် Board အဖွဲ့အနေဖြင့် ၎င်းနိုင်ငံအား (လိုအပ်ချက် ပြည့်မီ မပြည့်မီကို ဖော်ပြသည့်) တရားဝင်အသိအမှတ်ပြုမှုအသစ် (New Validation) ကို တင်ပြရန်သော်လည်းကောင်း၊ ၎င်းနိုင်ငံအား EITI အဖွဲ့ဝင်အဖြစ်မှ စာရင်း ပယ်ဖျက်ရန်သော်လည်းကောင်း အခွင့်အာဏာ ရှိသည်။

 

 

၅။ EITI  ဆိုင်ရာ အခြား အရေးကြီးသည့်အချက်များ

 

EITI လုပ်ငန်းစဉ်များသည် အစိုးရ၏အခွန်ဘဏ္ဍာစနစ်ကို အထောက်အကူပြုပြီး သဘာဝသယံဇာ ထုတ်လုပ်ရေးမှ ရရှိသောဝင်ငွေများနှင့် ဆက်စပ်နေသောကြောင့် အခရာကျသော ပုဂ္ဂိုလ်များဖြစ်သည့် အစိုးရ၊ ကုမ္ပဏီ နှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပါဝင်ပတ်သက်သူ ပေါင်းစုံသုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ Multi-Stakeholder Group (MSG) ကိုထူထောင်ရပြီး၊ ၄င်း MSG ကိုယ်စားလှယ်များအနေဖြင့် EITI အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လွတ်လပ်စွာ ပါဝင်နှိုင်ပါသည်။ အရေးကြီးသောအချက်များမှာ အစိုးရတာဝန်ယူဆောင်ရွက်ခြင်း၊ MSG ကိုကောင်းစွာတည်ထောင်ခြင်း၊ EITI အကောင်ထည်ဖော်ဆောင် ရန်အတွက် ရှင်းလင်းသော ရည်ရွယ်ချက်ပါ လုပ်ငန်းစဉ်ကို သဘောတူညီမှုရယူခြင်း၊ လုပ်ငန်းအချိန်ဇယားကို အတည်ပြု သတ်မှတ်ပေးရမည်။ EITI အကောင်အထည်ဖော်ဆောင်ရာတွင် MSG ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပေသည်။

 

၅၊၁။ MSG ၏အခန်းကဏ္ဍ

Multi-Stakeholder Group (MSG) သည် လိုက်နာ ကျင့်သုံးရမည့် EITI နှင့်ပတ်သက်သည့် (TOR) ကိုကောင်းစွာ သိရှိနားလည်ပြီး တာဝန်များကိုလိုက်နာ လုပ်ဆောင်ရန် သဘောတူရမည်။ MSG အနေဖြင့် EITI နှင့်ပတ်သက်သော MSG ၏ လုပ်ဆောင်ချက်များကို အများသိစေရန်၊ ဒေသအသီးသီးမှ လူမှုအဖွဲ့အစည်းများ၊ ကုမ္ပဏီများ နှင့်ပူးပေါင်းပြီး အသိပေးလုပ်ဆောင်ချက်များကို လက်ကမ်းစာစောင်များ၊ သတင်း မီဒီယာများမှ တဆင့် ဆောင်ရွက်ရမည်။ MSG အဖွဲ့ဝင်များ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်း အစီအစဉ်ကဏ္ဍများကို ထုတ်ပြန်ပေးရမည်ဖြစ်ပြီး MSG အဖွဲ့ဝင်လောင်းများ ကိုရွေးချယ်ရာတွင် သက်ဆိုင်ရာမဏ္ဍိုင်/ မဲဆန္ဒ နယ်များကို ကောင်းမွန်စွာကိုယ်စားပြုရန်လိုအပ်သည်။ MSG သည် နိုင်ငံတကာ EITI စံနှုန်းများကိုကောင်းစွာ လိုက်နာကျင့်သုံး လုပ်ငန်းစဉ် များကို လုပ်ဆောင်ရန်လိုအပ်ပါသည်။

 

၅၊၂။ ကုမ္ပဏီများ၏ အခန်းကဏ္ဍ

ကုမ္ပဏီများ အနေဖြင့် အစိုးရ၏ EITI လုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင်ရေးနှင့် ၎င်းလုပ်ငန်းစဉ်အပ်နှင်းခြင်းများကို တာဝန်ယူ ဆောင်ရွက်နိုင်ရန် ကူညီလမ်း ပြပေးရမည်ဖြစ်ပြီး EITI လုပ်ငန်းစဉ်တွင် ထည့်သွင်းစဉ်းစားသင့်သော ဦးစားပေးနယ်ပယ်များကို သတ်မှတ် ပေးရာတွင် တက်ကြွစွာပါဝင်ရမည်။ လုပ်ငန်းစဉ်မှရလာဒ်နှင့် အကျိုးသက်ရောက်မှုများကိုပြန်လည်သုံးသပ်၍ရှေးလုပ်ငန်းစဉ်များအတွက် သင်ခန်းစာများရရှိရန် လုပ်ဆောင်မှုများ၌ ပါဝင်ရကာ၊ EITI အစီရင်ခံစာတွင် အစိုးရမှသယံဇာတတူးဖော် ထုတ်လုပ်ရေး လုပ်ငန်း များမှရရှိသောအခွန်ဝင်ငွေများကိုအပြည့်အ၀ ဖော်ထုတ်ပြသခြင်း၊ ရေနံသဘာဝဓါတ်ငွေ့နှင့် သတ္တုတူးဖော်ရေးကုမ္ပဏီများမှ အစိုးရကိုပေးဆောင် ရသော အခွန်ငွေများကိုဖော်ထုတ်ပြခြင်းအား ပြည့်စုံစွာဖော်ပြရမည်။

 

၅၊၃။ အစိုးရ၏ အခန်းကဏ္ဍ

အစိုးရသည် EITI ဖော်ဆောင်မည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြတ်သားစွာ အများသိစေရန် ထုတ်ပြန်ကြေငြာရမည်။ အစိုးရသည် EITI ဖော်ဆောင်ရေး ကိစ္စတွင် ဦးဆောင်ဦးရွက်ပြုမည့် အဆင့်မြင့် အရာရှိတစ်ဦး (သို့) အဆင့်မြင့်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခြင်းပြုရမည်။ အစိုးရသည် EITI ဖော်ဆောင်ခြင်းနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပြီး EITI ဖော်ဆောင်ရေးကိစ္စကို စောင့်ကြည့်ကြီးကြပ်မည့် ပါဝင်ပတ်သက်သူပေါင်းစုံ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (MSG) ကို ဖွဲ့စည်းပေးရမည်။ အစိုးရသည် EITI ဖော်ဆောင်ရာတွင် အတားအဆီးများ ဖြစ်နိုင်သော အချို့သော လုပ်ထုံးလုပ်နည်းများ/ ဥပဒေမူများကို ဖယ်ရှားပေးရန်အတွက် တိကျသော မူဝါဒများ၊ အစီအစဉ်များချမှတ်ရပြီး EITI အစီရင်ခံစာထုတ်ပြန်နိုင်ရန်အတွက် တရားဝင်ဘောင်တစ်ခုကို စနစ်တကျ သတ်မှတ်ပေးရမည်။ အစိုးရသည် သယံဇာတတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများမှ ရရှိသော အခွန်ဝင်ငွေများကို ဖော်ထုတ်ပြသခြင်းအား ပြည့်စုံစွာ သတင်းထုတ်ပြန်ရမည်။ အစိုးရအနေဖြင့် EITI အစီရင်ခံစာများသည် ရှင်းလင်းတိကျမှုရှိခြင်း၊ အလွယ်တကူ နားလည်နိုင်ခြင်း၊ ပြည်သူလူထုအလွယ်တကူ လက်လှမ်းမှီ  ဖတ်ရှုနိုင်ခြင်းနှင့် လူထုအတွင်း ဆွေးနွေးငြင်းခုံသုံးသပ်မှုများအတွက် အထောက်အပံ့ဖြစ်ရန်အတွက် ဆောင်ရွက်ပေးရမည်။ အစိုးရအနေဖြင့် EITI အကောင်အထည်ဖော်သည့်လုပ်ငန်းစဉ်မှ ရရှိသော ရလဒ် နှင့် အကျိုးသက်ရောက်မှုများကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များအတွက် သင်ခန်းစာများ ရရှိရန်လုပ်ဆောင်ရမည်။

 

၅၊၄။ လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

လူမှုအဖွဲ့အစည်းများသည် အစိုး၏ ပါဝင်မှုကို တိုက်တွန်းနှိုးဆော်ရပြီး EITI ၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရာ၌ ထိန်းကြောင်း လမ်းပြပေးခြင်းနှင့် EITI ၌ ထည့်သွင်းစဉ်းစားပေးသင့်သော ဦးစားပေး နယ်ပယ်များကို သတ်မှတ်ပေးရာတွင် တက်ကြွစွာပါဝင်ပေး ရမည်။ သယံဇာတတူးဖော်ထုတ်လုပ်ရေးမှ ရရှိသော အခွန်နှင့်ခိုင်ကြေးတို့ကို သီးခြားဖော်ပြအတည်ပြုပေးနိုင်သော အပြည်ပြည်ဆိုင်ရာ အဆင့်မှီ စာရင်းစစ်အဖွဲ့တစ်ဖွဲ့ကို ခန့်ထားပေးရေး နှင့်အစီရင်ခံစာတွင် ကုမ္ပဏီများမှ အစိုးရကိုပေးဆောင်ရသော အခွန်ပေးငွေများကို ဖော်ထုတ်ပြခြင်းအား ပြည့်စုံစွာ ဖော်ပြပေးရန်တွင် တက်ကြွစွာပါဝင် စောင့်ကြည့်ရမည်ဖြစ်ပြီး၊ ပါဝင်ပတ်သက်သူ ပေါင်းစုံပါသောသုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ (MSG) အတွက် အရပ်ဖက်အဖွဲ့အစည်းကို ကိုယ်စားပြုမည့် သဘာဝသယံဇာတ ကဏ္ဍတွင် နှံ့စပ်ပြီး ပွင့်လင်းမြင်သာမှုကို အားကြိုးမာန်တက် ဆောင်ရွက်နိုင်သော ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ရမည်။

 

ဆက်လက်ဖော်ပြပါဦးမည်။

 

ဇယား (၁)

EITI အဖွဲ့ဝင်လောင်း (candidate) ဖြစ်ရန် လိုအပ်ချက်

 

(၁) အစိုးရသည် EITI ဖော်ဆောင်မည့် ရည်ရွယ်ချက်ကို ရှင်းလင်း ပြတ်သားစွာ အများသိ    စေရန် ထုတ်ပြန် ကြေညာရမည်။

(၂) အစိုးရသည်EITI  ဖော်ဆောင်ရေး ကိစ္စတွင်ဦးဆောင်ဦးရွက် ပြုမည့်အဆင့်မြင့် အရာရှိတစ်ဦး ကိုခန့်ထားခြင်း (သို့) အဆင့်မြင့်အဖွဲ့ကို  ဖွဲ့စည်းတာဝန်ပေးခြင်း ပြုလုပ်ရမည်။

(၃) အစိုးရသည် EITI ဖော်ဆောင်ခြင်း နှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ၊ ကုမ္ပဏီများ နှင့် ပူးပေါင်း ဆောင်ရွက်ရ မည်ဖြစ်ပြီး EITI ဖော်ဆောင်ရေး ကိစ္စကို စောင့်ကြည့် ကြီးကြပ် မည့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (MSG) ကို ဖွဲ့စည်းပေးရမည်။

() သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ (MSG) သည် အခွန်ငွေများ တိုက်ဆိုင်စစ်ဆေးခြင်း၊ အစီရင်ခံစာ ထုတ်ပြန်ခြင်းအတွက် သတ်မှတ်အချိန်ဇယားအတိုင်း လုပ်ငန်းများ အချိန်မီပြီးစီးအောင် အစီအစဉ်များ ရေးဆွဲရမည်။

 

ဇယား  (၂)

EITI စံချိန်မှီအဖွဲ့ဝင်နိုင်ငံ (compliant) ဖြစ်ရန် လိုအပ်ချက်

 

(၁) EITI  လုပ်ငန်းစဉ်များကို သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့         (MSG) မှ ထိရောက်စွာ ကြီးကြပ်မှုပေးရပါမည်။

(၂) EITI အစီရင်ခံစာများ ကိုအချိန်မီထုတ်ပြန်ရပါမည်။

(၃) EITI အစီရင်ခံစာများတွင်  သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းဆိုင်ရာ နောက်ခံသမိုင်းကျောင်းနှင့် ဆက်စပ်အချက်အလက်များ ပါဝင်ရပါမည်။

(၄) EITI အစီရင်ခံစာတွင် အစိုးရမှ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများမှ ရရှိသော အခွန်ဝင်ငွေများကို အပြည့်အ၀ ထုတ်ဖော်ပြသခြင်းနှင့်  ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် သတ္တု တူးဖော်ရေး ကုမ္ပဏီများမှ အစိုးရကိုပေးဆောင်ရသော အခွန်ပေးငွေများကို ထုတ်ဖော်ပြသခြင်းအား ပြည့်စုံစွာ ဖော်ပြထားသော အစီရင်ခံစာ ဖြစ်ရန်လိုအပ်ပါသည်။

(၅) အပြည်ပြည်ဆိုင်ရာ စံနှုန်းများကို လိုက်နာကျင့်သုံးရာတွင် ယုံကြည်စိတ်ချရသော လုပ်ငန်းစဉ်ဖြစ်ရန် လိုအပ်ပါသည်။

(၆) EITI အစီရင်ခံစာများသည် ရှင်းလင်းတိကျမှုရှိခြင်း၊ အလွယ်တကူနားလည်နိုင်ခြင်း၊ ပြည်သူလူထု အလွယ်တကူ လက်လှမ်းမှီ ဖတ်ရှုနိုင်မှု ရှိရမည်ဖြစ်ပြီး လူထုအတွင်းဆွေးနွေးငြင်းခုံသုံးသပ်မှုများအတွက် အထောက်အပံ့ဖြစ်ရမည်။

(၇) ပါဝင်ပတ်သက်သူ သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့အနေဖြင့် EITI အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်မှ ရလဒ်များ နှင့် အကျိုးသက်ရောက်မှုများကို ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များအတွက် သင်ခန်းစာများ ရရှိရန် လုပ်ဆောင်ရပါမည်။